spot_img
21.7 C
Loikaw
Tuesday 20, January 2026
spot_img
Homeသတင်းစစ်ဘေးရှောင်အရေး ဆောင်ရွက်ရာမှာ စိန်ခေါ်မှုတွေ ပိုမိုကြုံတွေ့နေရကြောင်း ကူညီသူတွေ ပြော

စစ်ဘေးရှောင်အရေး ဆောင်ရွက်ရာမှာ စိန်ခေါ်မှုတွေ ပိုမိုကြုံတွေ့နေရကြောင်း ကူညီသူတွေ ပြော

-

ကန္တာရဝတီတိုင်း(မ်)

စစ်ဘေးရှောင်အရေး၊ လိုအပ်ချက်တွေကို ကူညီဆောင်ရွက်ရာမှာ ထောက်ပံ့လှူဒါန်းနိုင်ဖို့ အချိန်ကြန့်ကြာမှုတွေက အဓိက စိန်ခေါ်မှုအဖြစ် ပိုမိုကြုံတွေ့နေရတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

စစ်ရှောင်စခန်းတွေရဲ့ ကော်မတီအသီးသီးက တောင်းခံလာတဲ့ လိုအပ်ချက်တွေကို အချိန်မီ မကူညီနိုင်တာ ၊ လိုအပ်တဲ့ ပစ္စည်းတွေကို အချိန်ယူပြီး စုဆောင်းရှာဖွေနေရတာက အခက်အခဲဖြစ်တယ်လို့ ပြည်ကံ့ကော်စစ်ရှောင်ကူညီရေး အဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုပြည့်စုံက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“ကျနော်တို့ အနေနဲ့ကတော့ အိမ်ခြေအရမ်းများတဲ့နေရာမျိုးဆို ကူညီနိုင်ဖို့ အတော်စဉ်းစားရသလို မဖြစ်မနေ ကူညီရတာမျိုးဆိုရင်လည်း ကျနော်တို့ပေးချင်တာလေးတွေ ပြည့်အောင် အချိန်ယူ စုဆောင်းရပါတယ်။” လို့ ကိုပြည့်စုံက ပြောပါတယ်။

စစ်ရှောင်ကာလအစောပိုင်းမှာ လူထုအချင်းချင်းကနေ ချိတ်ဆက် ကူညီဆောင်ရွက်ပြီး လိုအပ်ချက်တွေကို ဖြည့်တင်းနိုင်ခဲ့ပေမယ့် စစ်ရှောင် ကာလကြာလာတာနဲ့အမျှ အလုပ်အကိုင်ရှားပါးတာ၊ ကုန်ဈေးနှုန်းမြင့်တက်တာ၊ အခြားသော အခြေအနေတွေကြောင့် ပြည်တွင်း၊ ပြည်ပက အလှူရှင်တွေရဲ့ ထောက်ပံ့လှူဒါန်းမှု နည်းပါးလာတယ်လို့ ဆိုပါတယ်။

စစ်ရှောင်စခန်းတွေမှာ ကူညီပေးမယ့် အလှူရှင် နည်းပါးလာတာကြောင့် စစ်ရှောင်တွေ ပေးပို့လာတဲ့ အကူအညီ တောင်းခံစာကို တစ်လလျှင် ၆စောင် ထက်မနည်း လက်ခံရရှိတယ်လို့ ကိုပြည့်စုံက ပြောပါတယ်။ လက်ရှိမှာလည်း စစ်ရှောင်စခန်းတွေမှာ ဆန်ကို အဓိက လိုအပ်နေတဲ့အပြင် ရေရှားပါးမှု ပြဿနာကိုပါ ကြုံတွေ့နေရတာကြောင့် ရေအလှူရှင် လိုအပ်နေတယ်လို့ ဆိုပါတယ်။

ပြည်ပရောက် ကရင်နီလူထုအနေနဲ့လည်း စစ်ရှောင်တွေရဲ့ အခြေအနေကို ပိုမိုနားလည်ဖို့ လိုအပ်တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) စစ်ရေးချုပ် ခူးရီးဒူက တိုက်တွန်း ပြောဆိုထားတာရှိပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့က ထိုင်း-ကရင်နီ နယ်စပ်တစ်နေရာမှာ ပြုလုပ်ခဲ့တဲ့ “ နိုင်ငံတကာရောက် ကရင်နီ တိုင်းရင်းသား လူငယ်များတွေ့ဆုံပွဲ” မှာ ကရင်နီပြည်အခြေအနေ ၊ လူထုတွေရဲ့ ခက်ခဲမှု အခြေအနေနဲ့ဆက်စပ်ပြီး ခူးရီးဒူက ပြောဆိုသွားခဲ့တာပါ။

“စစ်ရှောင်စခန်းတွေမှာ တစ်ရက်တစ်ရက် အသက်ရှင်ဖို့ဘဲ ပြောမနေနဲ့ မနက်ကျရင် ဆာလောင်မှုကော ရှိသေးလား ဆိုပြီးတော့မှ သွေးပူနေတဲ့ စစ်ဘေးရှောင်တွေ အများကြီး ရှိတယ်။ အဲ့ဒီထိ ရောက်ဖို့လိုတယ်။ အဲ့ဒီထိ ခင်ဗျားတို့ မြင်ဖို့ လိုတယ်။”လို့ ခူးရီးဒူက တိုက်တွန်းပြောဆိုထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်နီလူထုအများစုက နေရပ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်ပြီး စစ်ရှောင်ကာလအတွင်းမှာ ကိုယ်ထူကိုယ်ထ ရှာဖွေစားသောက်ကြသူရှိသလို လုပ်ကိုင်စားသောက်ဖို့ ခက်ခဲတဲ့ ဒေသမှာတော့ ပြည်တွင်း ၊ ပြည်ပ အလှူရှင် အဖွဲ့အစည်းတွေကို မှီခိုအားထားနေရဆဲ ဖြစ်ပါတယ်။

 

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ