ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်တွင်းက လက်နက်ကိုင် တော်လှန်ရေးအင်အားစု၊ အဖွဲ့အစည်း အသီးသီးတွေကို ပြည်သူလူထုတွေ လိုလားတဲ့ တပ်ဖွဲ့တခုတည်းဖြစ်ရေးအတွက် အလေးထား ကြိုးစား ဆောင်ရွက်ကြဖို့ နန်းမယ်ခုံမြို့နယ်၊ မြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကော်မတီက ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
တော်လှန်ရေးကာလကြာမြှင့်လာတာနဲ့အမျှ အချင်းချင်း စည်းလုံးဖို့က အရေးကြီး လိုအပ်နေတယ်လို့ နန်းမယ်ခုံမြို့နယ် ပူးပေါင်းအုပ်ချုပ်ရေးတာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။
“ကျနော်တို့ စည်းလုံးခြင်းရှိမှပဲ အင်အားရှိမယ်ဆိုတာ စာနဲ့ပဲ ကျနော်တို့မသွားဘဲနဲ့ လက်တွေ့ကျကျ ကျနော်တို့ စည်းလုံးပြီးတော့ တမိန့်တသံထဲ သွားနိုင်တယ်၊ တိုက်နိုင်တယ် ၊ခိုက်နိုင်တယ်၊ လှူနိုင်တယ် ဆိုတဲ့ဟာမျိုး လူထုကိုကော တပ်ရင်းတပ်ဖွဲ့ကိုကော ကျနော်တို့ ဌာနဆိုင်ရာတွေကိုပဲ ပြောပြော ကြားကာလ အစိုးရတွေကိုပဲ ပြောပြော တစည်းတလုံးထဲ ဖြစ်ဖို့အရေးက ကျနော်တို့ အများကြီး လိုအပ်တယ်။ လူထုတွေကလည်း တောင်းဆိုလာတယ်” လို့ အဆိုပါ တာဝန်ရှိသူတဦးက ပြောပါတယ်။
ပြည်သူလူထု လိုလားတဲ့ ဖယ်ဒရယ် ဒီမိုကရေစီ တည်ဆောက်နိုင်ရေးနဲ့ အာဏာရှင်စနစ် အမြန်ဆုံးအဆုံးသတ်နိုင်ရေး အတွက် အသက်၊ သွေး၊ ချွေးများစွာ ပေးဆပ် ကာ လက်နက်ကိုင်တော်လှန်နေတာ ပြည်သူတွေ သိရှိပြီးဖြစ်သလို စစ်အာဏာသိမ်း ၅ နှစ်တိုင်တိုင် ပြည်သူတွေမှာလည်း စစ်ဒဏ် ၊ စစ်ပွဲကြောင့် ဒုက္ခ အခက်အခဲ မျိုးစုံကို ဖြတ်ကျော် ရင်ဆိုင် ခံစားနေကြရတယ်လို့ ဖော်ပြထားပါတယ်။
ကွဲပြားနေတဲ့ လက်နက်ကိုင် တော်လှန်ရေး အင်အားစုတွေအနေနဲ့ ပြည်သူလူထုရဲ့ အနာဂတ် အကျိုးကို ရှေးရှု့ပြီး “ ညီညွတ်မှုသည် အင်အားဖြစ်ပြီး ၊ အင်အားရှိမှ ရည်မှုန်းချက် အောင်မြင်စွာ ဆောင်ရွက်နိုင်မှာ” ဖြစ်တဲ့အတွက် ပြည်သူလူထုရဲ့ လိုလား တောင်းဆိုချက်အရ အမြန်ဆုံး တပ်ဖွဲ့တခု ဖြစ်ရေးကို အလေးထား ကြိုးစားဆောင်ရွက်ကြဖို့ကို တောင်းဆိုထားပါတယ်။
ကရင်နီပြည်မှာ ကာကွယ်ရေးတပ် တခုတည်း ဖြစ်ပေါ်ရေး အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ကြဖို့ ပြည်သူလူထုတွေ ၊ ရဲဘော်တွေ ၊ တော်လှန်ရေးအင်အားစုတွေက တောင်းဆိုနေကြတာပါ။ လက်ရှိ ကရင်နီပြည်နယ်တပ် (UKSA) ဖွဲ့စည်းနိုင်ဖို့ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ ကြိုးပမ်းဆောင်ရွက်နေပြီး တပ်ဖွဲ့အချင်းချင်းကြားမှာ ညှိနှိုင်းဆောင်ရွက်နေဆဲဖြစ်တယ်လို့ သိရှိရပါတယ်။




