spot_img
15.3 C
Loikaw
Saturday 7, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းစစ်ကော်မရှင်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် ကရင်နီပြည်မှာ တနှစ်အတွင်း အရပ်သား ၁၄၃ ဦး သေဆုံး၊ အမျိုးသား သေဆုံးမှု အများဆုံးဖြစ်

စစ်ကော်မရှင်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် ကရင်နီပြည်မှာ တနှစ်အတွင်း အရပ်သား ၁၄၃ ဦး သေဆုံး၊ အမျိုးသား သေဆုံးမှု အများဆုံးဖြစ်

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်မှာ စစ်ကော်မရှင်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် တနှစ်အတွင်း အရပ်သားပြည်သူ ၁၄၃ ဦး သေဆုံးခဲ့ပြီး အမျိုးသား သေဆုံးမှု အများဆုံးဖြစ်တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ ဖေဖော်ဝါရီ ၄ ရက်နေ့ ထုတ်ပြန်ချက် စာရင်းအရ သိရပါတယ်။

လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှု အများဆုံးဖြစ်ပြီး အမျိုးသား ၅၈ ရာခိုင်နှုန်း၊ အမျိုးသမီး ၂၅.၉ ရာခိုင်နှုန်း၊ ကလေး ၉.၈ ရာခိုင်နှုန်းနဲ့ ကျား/မ အတည်မပြုနိုင်တဲ့သူ ၆.၃ ရာခိုင်နှုန်းရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကော်မရှင် လူ့အခွင့်အရေးချိုးဖောက်မှု ပြုလုပ်တဲ့ဒေသအနက် ဖားဆောင်းမြို့နယ် ၊ မော်ချီးဒေသအတွင်းမှာ မကြာခဏ လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ ၂၀၂၅ ခုနှစ် ဩဂုတ်လအတွင်း အရပ်သားပြည်သူရှိတဲ့နေရာကို လေကြောင်းတိုက်ခိုက်မှုကြောင့် ၃၀ ကျော်သေဆုံးခဲ့ပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါက တနှစ်အတွင်း စစ်ကော်မရှင် လေကြောင်းတိုက်ခိုက်မှုထဲ အရပ်သားသေဆုံးမှု အများဆုံး ဖြစ်ခဲ့ပါတယ်။

၂၀၂၅ ခုနှစ် တနှစ်အတွင်း လေကြောင်းတိုက်ခိုက်ခံရတဲ့ ဒေသတွေထဲ လွိုင်ကော်မြို့နယ်မှာ (၅) ကြိမ်၊ ဖရူဆိုမြို့နယ်မှာ (၅) ကြိမ် ၊ ဖယ်ခုံမြို့နယ်မှာ (၆) ကြိမ် ဒီးမော့ဆိုမြို့နယ်မှာ အကြိမ် (၂၀) ၊ မယ်စဲ့ မြို့နယ်မှာ (၂) ကြိမ် ၊ ဖားဆောင်းမြို့နယ်မှာ (၁၇) ကြိမ် နဲ့ ဘောလခဲမြို့နယ်မှာ (၆) ကြိမ် စုစုပေါင်း ( ၅၈ ) ကြိမ်ရှိခဲ့တယ်လို့လည်း KnHRG က ထုတ်ပြန်ထားပါတယ်။

 

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ