ကန္တာရဝတီတိုင်း(မ်)
ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ လုံးပျဉ်ကျေးရွာအုပ်စုက ဗန်းမောက်ကျေးရွာကို စစ်ကော်မရှင် လက်အောက်ခံ PNO ပြည်သူ့စစ်က လက်နက်ကြီးအပြင် အသေခံဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် နေအိမ်တချို့ ပျက်စီးမှုရှိခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။
“ဒီလက်နက်ကြီးက တနေကုန်နီးပါးပစ်တယ်။ ပစ်လိုက်ရပ်လိုက်၊ ပစ်လိုက်ရပ်လိုက်နဲ့ ရွာတွေထဲကို လျှောက်ပစ်တယ်ပေါ့နော်။တချို့ပြည်သူတွေအိမ်လည်း ထိခိုက်တာတွေရှိတယ်။”လို့ ခွန်ရိန်းယံက ဆိုပါတယ်။
ယမန်နေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ PNO က တိုက်ခိုက်မှုတွေ လုပ်နေတာဖြစ်ပြီး လက်နက်ကြီးပစ်ခတ်မှုလည်း နေ့စဥ်နဲ့အမျှ ရှိနေတယ်လို့ ဆိုပါတယ်။ အဆိုပါ တိုက်ခိုက်မှုအတွင်း PNO အသုံးပြုတဲ့ အသေခံဒရုန်းပစ္စည်းတချို့ကို ရရှိထားတယ်လို့ PNLA က ပြောပါတယ်။
ဗန်းမောက်ကျေးရွာမှာတော့ ဒေသခံတွေဟာ တိမ်းရှောင်ကြသူတွေရှိသလို ကျေးရွာအတွင်း ယာယီပြန်လာနေထိုင်သူတွေလည်းရှိပြီး အခုလို ရမ်းသမ်းပစ်ခတ်တိုက်ခိုက်မှုတွေရှိနေတာကြောင့် ကျေးရွာခံတွေဟာ မကြာခဏ တိမ်းရှောင်မှုတွေ ပြုလုပ်နေရတယ်လို့ ဆိုပါတယ်။




