spot_img
31.9 C
Loikaw
Tuesday 17, February 2026
spot_imgspot_imgspot_imgspot_img
Homeဆောင်းပါးIn-depth Featureသံလွင်မြစ်အပေါ် ထင်ဟပ်လာသော သတ္တုတွင်းသက်ရောက်မှုနှင့် လူထုဘေးအန္တရာယ်

သံလွင်မြစ်အပေါ် ထင်ဟပ်လာသော သတ္တုတွင်းသက်ရောက်မှုနှင့် လူထုဘေးအန္တရာယ်

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်ကို ဖြတ်သန်းစီးဆင်းနေတဲ့ သံလွင်မြစ်လက်တက်တွေမှာ အဆိပ်သင့် အာဆင်းနစ် (Arsenic – As) ဒြပ်စင်ပါဝင်မှုက သတ်မှတ်စံနှုန်းထက် ၄ ဆမှ ၅၅ ဆအထိ ပိုမိုတွေ့ရှိရတယ်လို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ် ဓာတ်ခွဲခန်းရဲ့ ဆန်းစစ်ချက်အရ သိရပါတယ်။

အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီ ၁၀ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တက္ကသိုလ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ပြောရေးဆိုခွင့်ရှိသူ ဗညားခွန်အောင်(ဆရာဗညား) ၊ ချင်းမိုင်တက္ကသိုလ်သိပ္ပံဌာနမှ လက်ထောက်ပါမောက္ခ ဒေါက်တာ ဝမ်ဝီရိယ နဲ့ S&I Strategic Advisory ပူးတွဲတည်ထောင်သူ လက်ထောက်ပါမောက္ခ ဒေါက်တာ စုရချနီ သီရိယိုင် တို့က သံလွင်မြစ်အတွင်း ပူးပေါင်းစစ်ဆေးခဲ့တဲ့ ရေအရည်အသွေး ဆန်းစစ်ချက်များကို သတင်းစာရှင်းလင်းပွဲအတွင်း တင်ပြခဲ့ကြတာပါ။

ဒေါက်တာ ဝမ် ရဲ့ ပြောကြားချက်အရ ကွင်းဆင်းအဖွဲ့တွေက ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာ သံလွင်မြစ် တလျှောက် ရေ နဲ့ အပင်နမူနာတွေကို ကောက်ယူခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ ကွင်းဆင်းစစ်ဆေးမှုမှာ IEC လည်း ပူးပေါင်းပါဝင်ခဲ့ပြီး အာဆင်းနစ် ပါဝင်ကြောင်းကို အတည်ပြုခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“တခုက ဒီအဆိပ်တောက်တွေကလေ ဒီသတ္တုလုပ်ငန်းတွေမှာ သတ္တုတူးဖော်တဲ့ လုပ်ငန်းတွေကနေ ထွက်တယ်။ အဲ့ဒီတော့ ကျနော်တို့ ပြည်နယ်တခုတည်းနဲ့ တွက်ရင်တော့မဟုတ်ဘူး တွေးရတာပေါ့။ ဘာဖြစ်လို့ အဲ့လိုအကြောင်းရင်း ပြောရလဲဆိုတော့ ရှမ်း- ကရင်နီ နယ်စပ်မှာ သံလွင်ရေက ကရင်၊ ကရင်နီနဲ့ ထိုင်းနယ်စပ်ထိ တောက်လျှောက်ကို ကျနော်တို့ စစ်လာတာ။ အားလုံးစစ်လာသမျှ ရေအားလုံးမှာက အဖြေထွက်တယ်။ ဒီအာဆင်းနစ်ပေါ့” လို့ IEC ရဲ့ အတွင်းရေးမှူး ၂ ဗညားခွန်အောင်က ပြောပါတယ်။

သံလွင်မြစ်ရေ အဆိပ်သင့်မှုက သတ္တုတွင်းလုပ်ငန်းတွေကြောင့်ဖြစ်တယ်လို့ IEC အတွင်းရေးမှူး ၂ ဗညားခွန်အောင်က အတည်ပြုပါတယ်။ ကရင်နီမှာရှိတဲ့ မော်ချီးဒေသကနေ သံလွင်မြစ်ရေထဲကို စီးဆင်းလာတဲ့ မိုလိုချောင်းဟာလည်း သတ်မှတ်နှုန်းထက် အာဆင်းနစ်ဒြပ်ပါဝင်မှု မြင့်နေတယ်လို့ သူက ပြောပါတယ်။

“မိုလိုချောင်း ဆိုတာက ဒီမော်ချီးကနေ ဆင်းလာတဲ့ ချောင်းပေါ့။ အဲ့ဒီ မိုလိုချောင်း‌မှာက ပုံမှန်ထက်‌ တော်တော်လေး မြင့်နေတယ်။ အဲ့ဒီအတွက်ကြောင့်မို့ သေချာတာ တခုက သတ္တုလုပ်ငန်းတွေကြောင့်ပဲ ဒီအဆိပ်တောက်တွေက ချောင်းထဲကို ရောက်လာတယ်လို့ပဲ ကျနော်တို့ ပြောလို့ရပါတယ်။” လို့ ဗညားခွန်အောင် က ပြောပါတယ်။

၂၀၂၅ ခုနှစ် ဇူလှိုင်လတွင် မြင်တွေ့ရတဲ့ သံလွင်မြစ် တနေရာ

လက်ရှိမှာ IEC နဲ့ ချင်းမိုင်တက္ကသိုလ်တို့ဟာ ရေကိုသာ စစ်ဆေးပြီးစီးခဲ့ခြင်းဖြစ်ပြီး၊ အသား၊ ငါး နဲ့ အပင်တွေကို ဆက်လက်စစ်ဆေးသွားမယ်လို့ IEC အတွင်းရေးမှူး ၂ ဗညားခွန်အောင်က ပြောပါတယ်။

“အဓိက ကတော့ ကျနော်တို့ ပိုစိုးရိမ်တာက သား၊ ငါးပေါ့။ သံလွင်မြစ်ထဲမှာရှိတဲ့ ငါးတွေကို စားသောက်မှုပုံစံကို ပိုစိုးရိမ်တယ်။ နောက်တခုကတော့ ကျနော်တို့ ခေါ်တာကတော့ အပင်ပေါ့။ သီးပင်၊ စားပင်တွေကို စိုက်ပြီးတော့ စားသုံးတဲ့ဟာတွေရှိတယ်။ အဲ့ဒီဟာလောက်ကိုပဲ ကျနော်တို့ နည်းနည်းလေး ပြန်ပြီးတော့မှ ပြန်ကြည့်ဖို့လိုအပ်တယ်၊ ပြောဖို့လိုအပ်တယ်။ နောက်ပြီးတော့မှ စားပုံစားနည်းတွေ၊ ဘယ်လိုမျိုးဟာက အန္တရာယ်ပိုကင်းတယ် ဆိုတဲ့ဟာလိုမျိုးပေါ့။ ဒါတွေကတော့ ကျနော်တို့ နောက်မှပဲ တဆင့်ချင်း အသိပညာပေးမှုတွေ၊ အကြောင်းကြားမှုတွေ၊ လမ်းညွှန်ချက်တွေကိုလည်း လုပ်သွားဖို့ ရှိပါတယ်။” လို့ ဗညားခွန်အောင် က ပြောပါတယ်။

၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့မှာ လူငယ်တစု ခရီးထွက်ရင်း သံလွင်မြစ်ဘေးမှာ ညအိပ်ပြီး ငါးကိုဖမ်းယူစားသုံးပြီးနောက် မူးဝေအော့အန်တဲ့ ဖြစ်စဉ်တခု ရှိခဲ့ပါတယ်။ အဆိုပါ လူငယ် ၈ ဦးထဲမှ ၇ ဦးဟာ မူးဝေအော့အန်မှု ဖြစ်ပွားခဲ့တယ်လို့ ဖြစ်စဉ်မှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ လူငယ်အမျိုးသမီး တဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“တယောက်က တဖတ်ပဲ စားလိုက်တာ ငါးမကြိုက်လို့။ နည်းနည်းတော့ ရီဝေဝေမူးပေမဲ့ ကျန်တာတော့ သူဘာမှမဖြစ်ဘူး။ ကျန်တဲ့ ၇ ယောက်လုံးက စားကြတော့ အကုန်အန်ကြတယ်။ ဒါ ငါးကြောင့်များ ဖြစ်မလားပြောနေကြသေးတာ။ ကျမ က ငါးနဲ့ ဓာတ်မတည့်တာ မရှိပါဘူး။ ဒါပေမဲ့ သံလွင်ငါးကိုတော့ ပထမဆုံးစားဖူးတာပါ။ အခုလိုဖြစ်တာက ငါးက မသန့်ရှင်းလို့လား၊ မလတ်လို့လား။ ဒါမှမဟုတ် ငါးက မကျက်တကျက်များ ဖြစ်သွားလို့လားပေါ့နော်။ အမျိုးမျိုး စဉ်းစားရတာပေါ့။” လို့ အဆိုပါ လူငယ်အမျိုးသမီးက ပြောပါတယ်။

သံလွင်မြစ်ဟာ ကရင်နီပြည်က ဖားဆောင်း ၊ ရှားတော ( ဆိုမိုဖေစိုးလေး ) ၊ ဘောလခဲ ( ရွာသစ်မြို့ ) မြို့နယ်တွေကို ဖြတ်သန်းစီးဆင်းပါတယ်။ သန်းခေါင်စာရင်းအရ ဘောလခဲမြို့နယ်၊ ရွာသစ်မြို့မှာ လူဦးရေ ၁၅၀၀ ဝန်းကျင် ၊ ဖားဆောင်းမြို့နယ်မှာ ၅၀၀၀ ကျော် ၊ ရှားတောမှာ ၂၀၀၀ ကျော် ရှိတယ်လို့ ဖော်ပြထားပါတယ်။

ကရင်နီပြည်က သံလွင်မြစ်ဘေးတလျှောက်မှာ နေထိုင်ကြတဲ့ ဒေသခံတချို့က သံလွင်မြစ်ကို အမှီသဟဲပြုပြီး အသက်မွေးဝမ်းကြောင်းပြုနေကြပါတယ်။ အထူးသဖြင့် ငါးဖမ်းတာ၊ တောင်ယာနဲ့ သီးနှံစိုက်ပျိုးလုပ်ကိုင်တာ ၊ သယ်ယူပို့ဆောင်ရေးလုပ်တာ စတာတွေကို လုပ်ကိုင်ကြပါတယ်။

ကရင်နီပြည် ၊ ရွာသစ်မြို့က သံလွင်မြစ်ကိုအမှီပြုပြီး လုပ်ကိုင်စားသောက်ကြတဲ့ ဒေသခံတွေကတော့ အာဆင်းနစ်အဆိပ်သင့်မှုအကြောင်းကို မသိရှိရသလို အာဆင်းနစ်အဆိပ်သင့်မှုနဲ့ ပတ်သက်ပြီး အသိမရှိကြဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

“တကယ်လို့ မစားရတဲ့ဟာဆို ဖမ်းတဲ့သူလည်း ဖမ်းမှာမဟုတ်ဘူးပေါ့နော်။ အကုန်လုံး အတူတူ စားကြတာဆိုတော့လေ။ ပြီးတော့ သူတို့က ဒါက ပုံမှန်ဖမ်းပြီတော့ စားနေကျပဲ။ သူတို့ အမြဲတမ်း စားနေကျပဲ ပြောတယ်။ ငါးတွေထဲမှာ အဲ့ဒီဓာတ်က စိမ့်မဝင်ရင်တော့ ကိစ္စမရှိပေမဲ့ တကယ်လို့ စိမ့်ဝင်နေတယ်ဆိုရင် သူတို့အတွက် တော်တော်လေး အန္တရာယ်များတဲ့ အခြေအနေထဲမှာပါတာပေါ့။ ကိုယ်တွေရဲ့ ခန္ဓာကိုယ်ကျတော့ အဲ့ဓာတ်က မရောက်ဖူးလို့သာ ခန္ဓာကိုယ်က တုံ့ပြန်နေတာလား မသိဘူးပေါ့။ တော်ကြာ သူတို့ထဲမှာ ခန္ဓာကိုယ်နဲ့ အသားကျပြီး Use to ဖြစ်နေရင်တော့ တော်တော်လေး ကြောက်ဖို့ကောင်းတဲ့အထဲမှာတော့ ပါနေပြီ။” လို့ အထက်ပါ လူငယ်အမျိုးသမီးက အာဆင်းနစ်ဒြပ် ပါဝင်မှုနဲ့ ပတ်သက်ပြီး သုံးသပ်ပြောဆိုသွားပါတယ်။

၂၀၂၄ ခုနှစ် ရေကြီးမှုအတွင်း မြစ်ကမ်းပါးတွေမှာ တင်ကျန်ခဲ့တဲ့ နုန်းမြေတွေဟာ ရွှံ့စေးပါဝင်မှုများပြီး သာမန်တွေ့ရှိရလေ့ရှိတဲ့ သဲမြေများထက် အဆိပ်သင့်ဓာတ်ကြွင်း ပိုမိုမြင့်မားနေတယ်လို့ သုတေသန ဆောင်ရွက်သူတွေက ပြောပါတယ်။ ဒေသခံများရဲ့ အဆိုအရ သံလွင်မြစ်ကမ်းပါးများသည် ပုံမှန်အားဖြင့် သဲမြေများသာဖြစ်သော်လည်း ၂၀၂၄ ခုနှစ် ရေကြီးပြီးနောက်တွင်မှ ရွှံ့စေးနုန်းများ ရောက်ရှိလာတယ်လို့ ဆိုပါတယ်။

သို့သော်လည်း ရွှံ့စေးမြေတွေဟာ ဘယ်နေရာကနေ မျောပါလာတယ်ဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ဒေါက်တာဝမ်က ပြောပါတယ်။ ထပ်မံရေကြီးပါက အဆိုပါ အဆိပ်သင့် ပစ္စည်းများ ပြန်လည်ပျံ့နှံ့သွားနိုင်တဲ့အပေါ် ဒေါက်တာ ဝမ်က စိုးရိမ်ကြောင်း ပြောကြားခဲ့ပြီး ယခုသံလွင်မြစ်တွင် တွေ့ရှိရတဲ့ အဆိပ်သင့်မှုနှုန်းဟာ မကြာသေးမီက ချင်းရိုင်ခရိုင်၊ မယ်ဆိုင်ဒေသရှိ မဲခေါင်မြစ်လက်တက်တခုဖြစ်သော ဆိုင်မြစ် (Sai River) တွင် တွေ့ရှိခဲ့ရတဲ့ အဆင့်နဲ့တူညီနေကြောင်း ထောက်ပြခဲ့ပါတယ်။

ချင်းမိုင်တက္ကသိုလ် ဓာတ်ခွဲခန်းရဲ့ ဆန်းစစ်ချက်အရ သံလွင်မြစ်နှင့် သတ္တုတွင်းဒဏ်သင့် မြစ်လက်တက်များတွင် အာဆင်းနစ် (Arsenic – As) ပါဝင်မှုနှုန်းမှာ တလီတာလျှင် ၀.၀၄၂ မီလီဂရမ်မှ ၀.၅၅၃ မီလီဂရမ်အထိ ရှိနေပြီး ၎င်းမှာ သတ်မှတ်ထားတဲ့ ဘေးကင်းမှု စံနှုန်းထက် ၄ ဆမှ ၅၅ ဆအထိ မြင့်မားနေတာ ဖြစ်ပါတယ်။

အမြင့်မားဆုံး အာဆင်းနစ်ပမာဏ ၀.၅၅၃ mg/l ကို ကရင်နီပြည်ရှိ သတ္တုတွင်းဟောင်းတခုမှ ကောက်ယူခဲ့တဲ့ ရေနမူနာတွင် တွေ့ရှိခဲ့ရသည်။ ထိုင်းနယ်စပ် မယ်ဟောင်ဆောင်ခရိုင်၊ မယ်စရင်းမြို့နယ်၊ ဖာဒန်းဒေသရှိ သံလွင်မြစ်အထက်ပိုင်းတွင်မူ ၀.၀၄၇ mg/l တွေ့ရှိခဲ့ရပါတယ်။

ယခင်ထွက်ရှိခဲ့တဲ့ အစီရင်ခံစာများအရလည်း တရုတ်နယ်စပ်အနီး၊ ရှမ်းပြည်နယ်ရှိ သံလွင်မြစ် လက်တက် အထက်ပိုင်းဒေသဖြစ်တဲ့ ‘ဝ’ အဖွဲ့ (UWSA) ထိန်းချုပ်နယ်မြေများတွင် မြေရှားသတ္တု (Rare Earth) တူးဖော်မှုများ အလျင်အမြန် တိုးချဲ့လာကြောင်း ဖော်ပြထားတာတွေ ရှိပါတယ်။

အထက်ပါ အချက်အလက်တွေဟာ ထိုင်းသတင်းဌာနတခု ဖြစ်တဲ့ Transborder News က ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ဖော်ပြထားတာကို ပြန်လည်ကိုးကားထားခြင်း ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့မှာ ခရီးသွား လူငယ်များမှ သံလွင်မြစ်ထဲက ငါးကိုဖမ်းယူစားသုံးပြီးနောက် မူးဝေအော့အန်တဲ့ ဖြစ်စဉ်

ဂြိုလ်တုဓာတ်ပုံတွေက ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ရာဒေသ မြောက်ပိုင်း ရှမ်း-တရုတ် နယ်စပ်အနီးရှိ မိုင်းပေါက်က မြေရှားသတ္တုတူးဖော်မှုတွေဟာ ၂၀၂၅ ခုနှစ်ကထက် ၈ ဆများပြားလာတာကို ထုတ်ဖော်ပြသနေပြီး ဒေသတွင်း ရေအရင်းအမြစ်ကို အန္တရာယ်ရှိစေနိုင်ပါတယ်။

၂၀၁၅ ခုနှစ်မှာ မိုင်းပေါက်ဒေသမှာ မြေရှားသတ္တုတွင်း ၃ ခုသာ ရှိခဲ့ပါတယ်။။ ဒါပေမဲ့ ၂၀၂၅ ခုနစ် ဖေဖော်၀ါရီလရဲ့ ဂြိုလ်တုဓာတ်ပုံတွေအရ မြို့ရဲ့တောင်ဘက်၊ တောင်ကုန်းတလျှောက်မှာ မြေရှားသတ္တုတွင်း ၂၆ ခုကျော် ပြန့်ကျဲတည်ရှိနေတာကို တွေ့ရပါတယ်။ အဆိုပါသတ္တုတွင်းတွေထဲက ၃ ခုဟာ မြို့နဲ့ ၃ ကီလိုမီတာ ၄ ကီလိုမီတာခန့်သာ ၀ေးပါတယ်။

မိုင်းပေါက်ဒေသက သတ္တုတွင်းတွေဟာ အရှေ့ပိုင်းရှမ်းပြည်ရဲ့ အဓိကမြစ်ဝှမ်းနှစ်ခုဖြစ်တဲ့ သံလွင်မြစ်နဲ့ မဲခေါင်မြစ်ဝှမ်းတို့အကြားမှာ တည်ရှိပါတယ်။ သတ္တုတွင်းတွေကနေထွက်လာတဲ့ ရေတွေဟာ အနောက်ဘက်ကို စီးဆင်းပြီး ရှမ်းပြည်နယ်ထဲက သံလွင်မြစ်နဲ့ ဆက်စပ်တဲ့ ခါမြစ်ထဲကို စီးဝင်တာ၊ ဒါမှမဟုတ် အရှေ့ဘက်ကို စီးဆင်းပြီး ရှမ်းပြည်-လာအိုနယ်စပ်၊ မဲခေါင်မြစ်ထဲကို ဝင်ရောက်တဲ့ လွေမြစ်ထဲကို စီးဝင်ပါတယ်။ ထို့ကြောင့် သတ္တုတွင်းထွက်လာတဲ့ ညစ်ညမ်းရေတွေဟာ တရုတ်နိုင်ငံကိုတော့ ထိခိုက်မှုမရှိပါ။

အထက်ပါ အချက်အလက်တွေကို ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်ရဲ့ နောက်ဆုံးထုတ်ပြန်ချက်တခုဖြစ်တဲ့ ၂၀၂၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့ ထုတ်ပြန်ချက်ကို ကိုးကားဖော်ပြထားတာ ဖြစ်ပါတယ်။

IEC ရဲ့ အတွင်းရေးမှူး – ၂ ဗညားခွန်အောင်ကတော့ “သေချာတာ တခုကတော့ ဒီမြစ်ရေက ကျနော်တို့ ကရင်နီရဲ့ မြစ်ရေတခု မဟုတ်ဘူး။ ဒီမြန်မာနိုင်ငံကို ကြည့်မယ်ဆိုရင် အနည်းဆုံး ပြည်နယ် သုံးခု၊ လေးခုကို ဖြတ်သန်းစီးဆင်းတဲ့ချောင်း ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒီမြစ်ရေထဲမှာ စီးဆင်းတဲ့ အဆိပ်အတောက်ဖြစ်မှုကလည်း ကျနော်တို့ပြည်နယ်ကလည်းပါသလို တခြားပြည်နယ်ကဟာလည်း ပါတာပေါ့။ မြစ်ရေ ပြန်လည်သန့်စင်နိုင်ဖို့အတွတ် တောက်လျှောက် စီးဆင်းရာ ပြည်နယ်တခုချင်း စီရော အင်အားစု၊ အစုအဖွဲ့အားလုံးတွေရဲ့ တာဝန်အတူရှိတယ်။ အဲ့ဒီအတွက်ကြောင့်မို့လို့ ကျနော်တို့ကတော့ ပေါင်းစပ်ညှိနှိုင်းမှုတွေတော့ လုပ်သွားဖို့အတွက် ပန်းတိုင်ချမှတ်ထားတာ ရှိပါတယ်။” လို့ ပြောပါတယ်။

Transborder News မှ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ဖော်ပြထားတဲ့ အချက်အလက်များ ( ဓတ်ပုံ/Transborder News)

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ