spot_img
30.4 C
Loikaw
Friday 20, February 2026
spot_imgspot_imgspot_imgspot_img
Homeသတင်းစစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်လို့ စစ်ဘေးရှောင်တွေ ထပ်မံတိမ်းရှောင်ရ

စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်လို့ စစ်ဘေးရှောင်တွေ ထပ်မံတိမ်းရှောင်ရ

-

ကန္တာရဝတီတိုင်း ( မ် )

ဖေဖော်ဝါရီလ ဒုတိယပတ်ကစပြီး စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းနဲ့ ပစ်ခတ်မှုတွေကြောင့် ဖရူဆို – ဘောလခဲမြို့နယ်အစပ်က စစ်ဘေးရှောင်တွေဟာ ထပ်မံတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကော်မရှင်တပ်က လက်နက်ကြီးပစ်ခတ်တာကြောင့် ဖေဖော်ဝါရီ ၁၂ရက်နေ့က ကိုယ်ဝန်ဆောင်အမျိုးသမီးတဦး သေဆုံးခဲ့သလို၊ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ အမျိုးသားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါ့ကြောင့် စစ်ဘေးရှောင်တွေဟာ လုံခြုံမယ်လို့ယူဆရတဲ့ နေရာတွေကို ထပ်မံတိမ်းရှောင်လာကြတယ်လို့ စစ်ဘေးရှောင်တဦးက ပြောပါတယ်။

“စစ်ရှောင်ကျတော့ ရှောင်ကြတာရှိတယ်။ ရွာဖက်တော့နည်းနည်း ရှောင်ဖို့တော့ လုပ်ထားကြတယ်။ နန်းဖဲဖက် စစ်ရှောင်စခန်းတွေမှာ လက်နက်ကြီး ခနခဏ ကျတယ်။ စစ်ရှောင် ၂ ယောက်လည်း တယောက်ဆုံး ၊ တယောက် ဒဏ်ရာရထားတော့ လက်နက်ကြီးအသံကြားရင် သူတို့က လန့်နေကြတယ်။” လို့ စစ်ဘေးရှောင်အမျိုးသားတဦးက ပြောပါတယ်။

ဖရူဆို နဲ့ ဘောလခဲမြို့နယ်အစပ်မှာ တပ်စွဲနေရာယူထားတဲ့ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား လတ်တလော နှစ်ဖက်ထိတွေ့မှုမရှိပေမယ့် စစ်ကော်မရှင်တပ်က လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်မှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

“စိုးရိမ်ပူပန်မှုတော့ရှိတယ်။ ဘာလို့ဆို စစ်ကြောင်းနဲ့ အဲ့ဒီဖြစ်တဲ့နေရာ ၊ ရွာနဲ့ တအားနီးတော့ အချိန်မရွေး ဘယ်လိုဖြစ်နိုင်လဲမသိဘူး။ ဒရုန်းနဲ့လည်း အချိန်မရွေးလာနိုင်တယ် အဲ့လိုမျိုးတွေရှိတယ်။ လက်နက်ကြီးလည်း အရင်ကလည်း ကျဖူးတယ်ဆိုတော့ နောက်ပိုင်းဆိုလည်း ကျနိုင်တယ်လေ။ တချို့ဆို တခြားနေရာမှာ နေရာသွားလုပ်ထားတာတို့ ပစ္စည်းတွေ ရိက္ခာတွေ သွားထားတာတို့ လုပ်ကြတယ်။” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကော်မရှင်တပ်က လွိုင်ကော် – ဒီးမော့ဆို – ဖရူဆို – ဘောလခဲ – ဖားဆောင်း ကိုဆက်သွယ်ထားတဲ့ ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်ပြီး နယ်မြေစိုးမိုးနိုင်ဖို့ အတွက်လုပ်ဆောင်နေတာကြောင့် လူထုတွေအနေနဲ့ သတိထားနေထိုင်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ ရက်နေ့ကစပြီး ဖရူဆို – ထားလဲ လမ်းမကြီးအပေါ်ဖက်နဲ့ နန်းဖဲကျေးရွာဖက်ကို စစ်ကော်မရှင်တပ်က စစ်ကြောင်းထိုးလှုပ်ရှားနေတာကြောင့် ဒီးမော့ဆို – ဖရူဆို -ထားလဲ – နန်းဖဲ -ဘောလခဲလမ်းမကြီးနဲ့ လမ်းမကြီးပေါ် ဖြတ်သန်းသွားလာတဲ့ လမ်းသွယ်အားလုံးကို မြေပြင်စစ်ရေးအခြေအနေအရ ဖြတ်သန်းသွားလာခြင်း မပြုလုပ်ဖို့ KNDF က အသိပေးထားပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ