Homeသတင်းလွိုင်ကော်မြို့မှာ စိတ်ကြွဆေးပြား ၅,၀၀၀ ကျော် သိမ်းဆည်းရမိ၊ မူးယစ်ဆေးဝါး နဲ့ ငွေညှစ်တဲ့ဖြစ်စဉ်တွေ များနေတယ်လို့ ဒေသခံတွေဆို

လွိုင်ကော်မြို့မှာ စိတ်ကြွဆေးပြား ၅,၀၀၀ ကျော် သိမ်းဆည်းရမိ၊ မူးယစ်ဆေးဝါး နဲ့ ငွေညှစ်တဲ့ဖြစ်စဉ်တွေ များနေတယ်လို့ ဒေသခံတွေဆို

-

ကန္တာရဝတီတိုင်း ( မ် )
စစ်ကော်မရှင်ထိန်းချုပ်ထားတဲ့ ကရင်နီပြည် ၊ လွိုင်ကော်မြို့မှာ စိတ်ကြွရူးသွပ်ဆေးပြား ၅၀၀၀ ကျော်နဲ့အတူ အမျိုးသမီးတဦးကို ဖမ်းဆီးထားပြီး မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားတယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၃ ရက်နေ့ ညနေ ၆ နာရီအချိန်မှာ လွိုင်ကော်မြို့နယ်၊ ဧက (၅၀၀) ရပ်ကွက်မှာ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က သတင်းအရ စစ်ဆေးမှု ပြုလုပ်ခဲ့ရာမှ မထောခူကျေးရွာအုပ်စု၊ လောပိတစံပြကျေးရွာမှာ နေထိုင်တဲ့ အသက် (၄၄) နှစ်အရွယ် ဒေါ်လင်းလင်းစိုး ဆိုသူအား မသင်္ကာဖွယ် တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဆက်လက် ရှာဖွေစစ်ဆေးတဲ့အခါ ဒေသကာလတန်ဖိုး ငွေကျပ် ၅၁ သိန်း ၉ သောင်းခန့် တန်ဖိုးရှိတဲ့ စိတ်ကြွရူးသွပ်ဆေးပြား ၅,၁၉၀ ပြားကို သိမ်းဆည်းရမိခဲ့တယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ထားတာပါ။
အဆိုပါ ဖမ်းဆီးရမိမှုနဲ့ ပတ်သက်ပြီး မြို့ခံလူငယ်တစ်ဦးက “ဒီလိုအများကြီး ဖမ်းမိတာမျိုးတော့ မကြားမိဘူး။ ဒါပေမဲ့ မြို့ထဲမှာတော့ ဆေးမှုနဲ့ လူငယ်တွေကို ခနခဏ ဖမ်းသွားလိုက်၊ ပြီးရင် ပြန်လွှတ်လိုက် လုပ်နေတာပဲ”လို့ ပြောပါတယ်။
လွိုင်ကော်မြို့အတွင်း မူးယစ်ဆေးဝါး သုံးစွဲသူတွေနဲ့ ရောင်းချသူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီးနောက် ငွေကြေး အမြောက်အမြား တောင်းခံတာ၊ ငွေပေးနိုင်ပါက အမှုမှ ပြန်လည် လွှတ်ပေးတာကို ပြုလုပ်နေတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရပါတယ်။
လွိုင်ကော်မြို့ပေါ်မှာ မူးယစ်ဆေးဝါး ပျံ့နှံ့လာမှုက စိုးရိမ်စရာ အခြေအနေမှာ ရှိနေပြီး သုံးစွဲသူထဲ လူငယ်တွေသာမက အဖွဲ့အစည်းစုံ ပါဝင်နေတယ်လို့ ပြောပါတယ်။
“ဆေးသုံးသူတွေက အများကြီးပဲ။ ကျောင်းသားတွေ၊ လူငယ်တွေတင်မကဘူး၊ ပြည်သူ့စစ် အဖွဲ့ဝင်တွေထဲမှာလည်း သုံးနေတဲ့သူတွေ ရှိတာပဲ” လို့ ဒေသခံတဦးက ပြောပါတယ်။
လက်ရှိ လွိုင်ကော်မြို့မှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေ ရှိနေပေမယ့် အမှန်တကယ် နှိမ်နင်းတာထက် ငွေကြေး ကောက်ခံပြီး ကြေအေးတဲ့ ဖြစ်စဉ်တွေကြောင့် ဒေသခံတွေက စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
မူးယစ်ဆေးဝါးအမှု အပြင် လမ်းမကြီးပေါ် သွားလာနေကြတဲ့ ကုန်တင်ကားတွေကို စစ်ကော်မရှင်တပ်သားတွေက ဖမ်းဆီးတာ၊ ငွေတောင်းတာတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ