ကန္တာရဝတီတိုင်း(မ်)
ရှမ်း-ကရင်နီ နယ်စပ်အပါအဝင် ကရင်နီပြည်က စစ်ရှောင်လူထုအတွက် တဲအိမ်အလုံးရေ ( ၅၀ ) ဆောက်လုပ်ပေးနိုင်ဖို့ အရေးပေါ် အကူအညီလိုအပ်နေတယ်လို့ မြေပြင် စစ်ရှောင်အရေး ကူညီဆောင်ရွက်သူဆီကနေ သိရပါတယ်။
လက်ရှိ အရေးပေါ် လိုအပ်တဲ့ စစ်ရှောင်လူထုတွေဟာ စစ်ဘေးကြောင့် ထပ်မံတိမ်းရှောင်ကြတဲ့ သူတွေဖြစ်တယ်လို့ စစ်ရှောင်ကူညီဆောင်ရွက်ပေးနေတဲ့ Dove KK အဖွဲ့ရဲ့ တာဝန်ရှိသူ ကိုနှိုင်းနှိုင်းက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။
“တိုက်ပွဲဖြစ်တော့ အကြိမ်ကြိမ်စစ်ရှောင်ရပေမယ့် အမျိုးတွေအိမ်မှာ အကူညီတောင်းနေကြတာတွေ ခြံထဲမှာ ဖြစ်သလိုနေကြတာတွေ ရွာက ပေးတဲ့ နေရာတခုမှာ အစုလိုက် ပေါင်းနေကြတာတွေ နေကြတာပေါ့။ ဒီတစ်ကြိမ်တော့ အဲ့နေရာ တွေ ထပ်နေလို့မရတော့လို့ ထပ်ရှောင်ရတာမို့ ကိုယ်ပိုင် အသိုက်အမြုံလေး စစ်ရှောင် Camp မှာ တဲအိမ်လေး ဆောက်ကြတာပါ။ တဲလိုအပ်နေပေမဲ့ အများကြီးတခါတည်း မဖြည့်ဆည်းနိုင်လို့ ဖြည်းဖြည်းချင်း ဆောက်ပေးဖြစ်နေတာပါ။”လို့ ကိုနှိုင်းနှိုင်းက ဆိုပါတယ်။
လက်ရှိမှာတော့ လိုအပ်တဲ့ စာရင်းနဲ့အတူ အကူအညီတောင်းခံလာတဲ့ စစ်ရှောင်အိမ်ထောင်စုပေါင်း ၅၀ ဝန်းကျင် ရှိတယ်လို့ ဆိုပါတယ်။
အကူအညီတောင်းခံလာတဲ့ စစ်ရှောင်လူထုတွေထဲက ရှမ်း-ကရင်နီ နယ်စပ်၊ ဖယ်ခုံစစ်ရှောင် အတွက် တဲအိမ် အလုံးရေ ၂၀ ဝန်းကျင်နဲ့ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အတွင်းက စစ်ရှောင်အတွက် တဲအိမ် အလုံးရေ ၃၀ ဝန်းကျင် ဆောက်လုပ်ပေးဖို့ လိုအပ်နေတာပါ။
စစ်ရှောင်လူထုတွေဟာ အခုလို အကြိမ်ကြိမ် တိမ်းရှောင်နေရတာကြောင့် ခိုလှုံနေထိုင်ဖို့ တဲအိမ်တွေ လိုအပ်နေကြသလို တစ်ဖက်မှာလည်း စားနပ်ရိက္ခာ လိုအပ်ချက်တွေလည်း ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လက်ရှိ အချိန်အခါမဟုတ် မိုးရွာသွန်းမှုတွေကြောင့် စစ်ရှောင်စခန်းတချို့က တဲအိမ်တွေမှာ အမိုးအကာ မလုံတဲ့ အခက်အခဲကို ရင်ဆိုင်နေကြရပါတယ်။
စစ်ရှောင်လူထုတွေအတွက် တဲအိမ်ဆောက်လုပ်ပေးနိုင်ဖို့ အမိုး သီးသန့်ကို မြန်မာငွေ ကျပ် ၂ သိန်းကုန်ကျပြီး တဲအိမ်အပြီးအစီး တစ်လုံးကို မြန်မာငွေ ၆ သိန်းခန့် ကုန်ကျနိုင်တာကြောင့် သိန်း ၃၀၀ ဝန်းကျင် လိုအပ်နေတယ်လို့ Dove KK အဖွဲ့ရဲ့ တာဝန်ရှိသူ ကိုနှိုင်းနှိုင်း ဆီကနေ သိရပါတယ်။





