ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းက စစ်ဘေးရှောင်စခန်းတနေရာကို ယမန်နေ့ မတ်လ ၂၃ ရက်နေ့ မနက်ပိုင်း ၁၀ နာရီအချိန်မှာ စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဇနီးမောင်နှံ နှစ်ဦးကို ဗုံးသီးစ ထိမှန်ကာ ခင်ပွန်းဖြစ်သူ သေဆုံးခဲ့တယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
“တချက်ပဲ ထိပါတယ်၊ ဒါပေမယ့် လည်ပင်းတည့်တည့်ထိသွားတော့ သေဆုံးသွားရတာ၊ သူ့အမျိုးသမီးကတော့ ပေါင်မှာ နည်းနည်းတော့ ထိသွားတယ်” လို့ စစ်ဘေးရှောင်တဦးက ဆိုပါတယ်။
သေဆုံးတဲ့အမျိုးသားဟာ အသက် ၃၃ နှစ်အရွယ်ရှိပြီး လည်ပင်းကို ဗုံးသီးစထိမှန်ကာ သေဆုံးခဲ့ရတာပါ။
အဆိုပါ ဇနီးမောင်နှံဟာ တခြားနေရာကို ရွေ့ပြောင်းနေထိုင်ဖို့အတွက် စစ်ရှောင်စခန်းက တဲအိမ်ကို ပြန်ဖြုတ်ယူပြီး ထော်လာဂျီနဲ့ သယ်ယူနေစဉ် ဒရုန်းနဲ့ ဗုံးကြဲခဲ့ရတယ်လို့ ဆိုပါတယ်။
ယခုမတ်လအတွင်း ဖရူဆိုမြို့နယ်က ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်ကို စစ်ကြောင်းထိုး လှုပ်ရှားနေတဲ့ စစ်ကော်မရှင်တပ်က လူထုတွေနေထိုင်တဲ့ ကျေးရွာ ၊ စစ်ရှောင်စခန်း ရှိရာဖက်ကို မကြာခဏ လက်နက်ကြီး ၊ ဒရုန်းနဲ့ ပစ်ခတ်မှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ စစ်ကော်မရှင်ရဲ့ ပစ်ခတ်မှုတွေကြောင့် ကျေးရွာခံတွေ ၊ စစ်ဘေးရှောင်တွေဟာ လုံခြုံမယ်လို့ ယူဆရတဲ့ တခြားနေရာတွေကို ရွေ့ပြောင်းတိမ်းရှောင်ကြသူတွေ ရှိတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။





