စောအယ်ကညော/ ကန္တာရဝတီတိုင်း(မ်)
မိုးတိမ်တွေ အုံ့မှိုင်းနေတဲ့ ကောင်းကင်ကြီးအောက်မှာ ထွန်စက်တွေနဲ့ စိုက်ပျိုးမြေတွေကိုထယ်၊ ပျိုးပင်တွေချပြီး လယ်ကွင်းဘောင်တွေဖော်ရင်း စပါးစိုက်ဖို့အတွက် ကရင်နီဒေသခံ တောင်သူတွေပြင်ဆင်နေကြပါတယ်။ သူတို့ဒေသဟာ ရှမ်းပြည်နဲ့ထိစပ်နေပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ ထိုးစစ်တွေ၊ လက်နက်ကြီးနဲ့ ဒရုန်းဗုံးတွေကို အသုံးပြုပြီး အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေရှိနေတာကြောင့် သတိထားရမယ့် အခြေအနေတွေရှိပေမယ့် လယ်ယာလုပ်ငန်းကို ရပ်တန့်ထားလို့မရပါဘူး။
လယ်ယာလုပ်ငန်းဟာ ဒေသခံတွေရဲ့ အဓိကအသက်မွေးဝမ်းကျောင်းလုပ်ငန်း ဖြစ်တဲ့အတွင် မလုံခြုံတဲ့ အခြေနေတွေကြားကပဲ ဒေသခံတောင်သူတွေဟာ လယ်ကွင်းထဲကို ဆင်းလာကြရပါတယ်။
“မိုးဗြဲကနေ လက်နက်ကြီးသံတွေကြားတော့ မနက်ပိုင်းတော့ လူတအားစည်တယ်။ လယ်တွေထွန်တယ်။ ထော်လဂျီတွေ စက်သံတွေကြားတာပေါ့။ နေ့လည်ပိုင်းလည်း ရောက်ရော လယ်လုပ်တဲ့ သူတွေတော်တော်များများက တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး အိမ်ကို အလောတကြီးပြန်ကြရတာပေါ့ “ လို့ တောင်သူ အမျိုးသမီးတစ်ဦးက အသက်အန္တရာယ်ကြားက လယ်စိုက်ပျိုးရပုံကို ပြောပြပါတယ်။
စပါးစိုက်ပျိုးတာဟာ ကရင်နီဒေသက လူထုတွေအတွက် အရေးကြီးပြီး အခြေခံအကျဆုံးဖြစ်ပါတယ်။ စပါးမစိုက်ပျိုးနိုင်ပဲ ထွက်ပြေးရမယ်ဆိုရင် ကြုံတွေလာရမယ့် အရာတွေကိုလဲ တောင်သူ အရာတွေကို ဒေသခံ တောင်သူအမျိုးသမီးတစ်ဦးက ခုလိုပြောပြပါတယ်။
“အခုလက်ရှိကျမတို့ က စပါးရိတ်သိမ်းနိုင်ဖို့အတွက် အရင်နှစ်တွေကထက်စောအောင် ကျမတို့လုပ်တယ်။ ဒါပေမဲ့ ကျမတို့ မရိတ်သိမ်းပဲနဲ့ ပြေးရမယ်ဆိုရင်တော့ အကြွေးတွေထပ်မယ်။ အကြွေးနဲ့ ကျင်လည်ရတော့မယ့် သဘောမှာရှိတယ်ပေါ့နော်” လို့ တောင်သူအမျိုးသမီးတစ်ဦးက ပြောပါတယ်။
လယ်ကွင်းထဲမှာ စိုက်ပျိုးနိုင်ဖို့ ပြင်ဆင်နေရင်း စကားပြောနေတဲ့ သူမရဲ့ မျက်နှာမှာ စိုးရိမ်မှုတွေကအထင်းသားပေါ်လွင်နေပါတယ်။
အာဏာသိမ်းကာလ ၅ နှစ်ကျော်အတွင်းမှာ နေရပ်ကိုစွန့်ခွာထွက်ပြေးကြရင်း အစာအဟာရမလုံလောက်မှုတွေ၊ အသက်အန္တရယ်ခြိမ်းခြောက်ခံရမှုတွေကြား အသက်ရှင်သန်ဖို့ ကြိုးစားနေကြရပါတယ်။

ရိက္ခာအတွက် ကူညီထောက်ပံ့ပေးမှုတွေ တနေ့ထက်တနေ့လျော့နည်းလာချိန်မှာ အန္တရယ်တွေကြား ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်နိုင်မှုကို ပိုမိုလုပ်ဆောင်လာနေကြပါတယ်။ ဒါ့ကြောင့်လည်း လယ်ယာထွန်ယက်ဖို့၊ စိုက်ပျိုးဖို့အတွက် ငွေကြေးအရင်းအနှီးကို ချေးငှားထားရသူတွေလည်းရှိနေပါတယ်။
ဒီလို စိုက်ပျိုးလုပ်ကိုင်ဖို့ ကြိုးပမ်းလာကြပေမဲ့လည်း လက်ရှိဒေသတွင်း စစ်ရေးအခြေအနေတွေကြောင့် လယ်ယာလုပ်ငန်းကို ပုံမှန်အတိုင်းလုပ်ကိုင်နိုင်ဖို့ မလွယ်ကူဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။
စစ်ရေးအခြေအနေတွေကြား လယ်လုပ်ငန်းလုပ်ကိုင်နိုင်တဲ့ နေရာတွေ ရှားပါးတာ၊ မြေဩဇာ၊ ပိုးသတ်ဆေးတွေလို သွင်းအားစုတွေ စျေးကြီးတာအပြင် လယ်ယာသုံးစက်ကိရိယာတွေအတွက် စက်သုံးဆီတွေ စျေးမြင့်တက်နေတာကလည်း တောင်သူတွေကို အခက်ကြုံစေပါတယ်။
“လယ်ထဲရောက်လို့ မိုးဗြဲမှာတိုက်ပွဲဖြစ်ရင်လည်း အကုန်ကြားနေရတယ်။ လက်နက်ကြီး ၊ လက်နက်ငယ်။ အရမ်းစိုးရိမ်နေတာတော့ လယ်ထဲမှာ လက်နက်ကြီးကျမှာ အရမ်းကြောက်တယ်။ နောက်တစ်ချက်က စစ်ကြောင်းက ထိုးလာရင် ကျမတို့ လယ်ထဲဖက်ဖြတ်သွားရမှာ အရမ်းစိုးရိမ်တယ်” လို့ စိုးရိမ်ပူပန် မှုတွေကြားက လယ်စပါးစိုက်ပျိုးနေရတဲ့ အကြောင်းကို တောင်သူအမျိုးသမီးတစ်ဦးကပြောပြပါတယ်။
တချို့စစ်ဘေးရှောင်တွေကတော့ စစ်ရေးအခြေအနေကြောင့် နေအိမ်တွေကို စွန့် ခွါပြီး အခွင့်အခါသင့်ရင်သင့်သလို လယ်ယာလုပ်ငန်းတွေကို ပြန်လည်လုပ်ကိုင်နေကြပါတယ်။
ရွံ့တွေထူနေတဲ့ လယ်ကွင်းထဲမှာ မြေကို ထွက်ယက်ပြီး စပါးပင်ငယ်တွေစိုက်ပျိုးနေတာဟာ အခြေအနေ မတည်ငြိမ်ပေမဲ့ အသက်မွေးဝမ်းကြောင်းကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ကြိုးစားနေတဲ့ လူထုတွေရဲ့ ဘဝကို ထင်ဟပ်ပြသနေပါတယ်။
အခုစိုက်ပျိုးနေတဲ့ နွေစပါးဟာ စစ်ဘေးရှောင်လည်းဖြစ်၊ ဒေသခံလည်းဖြစ်တဲ့ သူတို့အတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ ရိက္ခာရနိုင်ဖို့ အပြင် ပိုလျှံရင်တော့ မိသားစုဝင်တွေအတွက် အသုံးစရိတ်အချို့ကို ကာမိသွားစေမှာပါ။
ဒါပေမဲ့လည်း နွေစပါးကို စိုက်ပျိုးလို့မရတဲ့ ဒေသတွေအများကြီး ရှိနေသေးတဲ့အပြင်၊ တချို့ဒေသတွေမှာတော့ စိုက်ပျိုးခွင့်မရတာ အာဏာသိမ်းစ ကတည်းက ဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း စစ်ရှောင်စခန်းတွေမှာ အလုပ်လက်မဲ့ ဘဝနဲ့ ရရာအလုပ် ကြုံရာအလုပ်ကို လုပ်ရင်း ရုန်းကန်နေရသူတွေ ဒုနဲ့ဒေးပါ။
ခုစိုက်ပျိုးခွင့်ရနေတဲ့ တောင်သူတွေမှာလည်း စိတ်ချမ်းသာနေကြတာတော့ မဟုတ်သေးပါဘူး။
လယ်သမားတောင်သူတွေရဲ့ မျော်လင့်ချက်တွေဟာ ကိုယ်တိုင်စိုက်ပျိုးခဲ့တာကို ပြန်လည်ရိတ်သိမ်းနိုင်ဖို့ ပါပဲ။
တချို့တွေကတော့ လယ်ပြန်စိုက်လို့ စစ်ကော်မရှင်တပ်တွေရဲ့ စစ်ကြောင်းရောက်လာပြီး စိုက်ထားတာတွေမရိတ်သိမ်းရပဲ ထားခဲ့ရမှာ၊ လက်နက်ကြီးတွေကျ ဒရုန်းတွေနဲ့ တိုက်ခိုက်ခံရပြီး စပါးတွေပြန်လည်မရိတ်သိမ်းနိုင်တော့မှာ စတဲ့စိုးရိမ်မှုတွေကြောင့် ဒွိဟဖြစ်စေတဲ့ စိတ်လွန်ဆွဲမှုကြောင့် စပါးတွေပြန်မစိုက်ဝံ့သေးသူတွေလည်း ဒုနဲ့ ဒေး ရှိနေပါသေးတယ်။





