spot_img
Homeသတင်းစစ်ကော်မရှင်စစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဝှယ်ဒူလျားစစ်ရှောင်စခန်းအတွက် စားနပ်ရိက္ခာ နဲ့ အမိုးအကာ အရေးပေါ် လိုအပ်နေ

စစ်ကော်မရှင်စစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဝှယ်ဒူလျားစစ်ရှောင်စခန်းအတွက် စားနပ်ရိက္ခာ နဲ့ အမိုးအကာ အရေးပေါ် လိုအပ်နေ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည် ၊ ဖရူဆိုမြို့နယ်အတွင်းက ဝှယ်ဒူလျားစစ်ရှောင်စခန်းကို မေလ ၈ ရက်နေ့မှာ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့တာကြောင့် စစ်ဘေးရှောင်တွေဟာ ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ရပြီး စားနပ်ရိက္ခာ နဲ့ အမိုးအကာ အရေးပေါ် အကူအညီလိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

“ အဓိက လိုအပ်နေတာကတော့ စားဝတ်နေရေး ၊ အမိုးအကာလိုအပ်တယ် မိုးလည်းရွာနေတယ် ကျနော်တို့အတွက် အဲ့ဒါ အရေးကြီးဆုံးပဲ။ တခုက မဖြစ်မနေကလည်း ကျန်းမာရေးအတွက် ဆေးဝါးတွေလည်း လိုတယ်။ အင်မတန်မှ လိုအပ်နေတယ်။” လို့ စစ်ရှောင်စခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ရပြီး ကား ၊ ဆိုင်ကယ် ၊ ထော်လဂျီ ၊ ရိက္ခာ ၊ အသုံးအဆောင်ပစ္စည်းတွေကို အချိန်မီမယူဆောင်နိုင်ခဲ့တာကြောင့် အစားသောက် နဲ့အမိုးအကာ အရေးပေါ် လိုအပ်နေကြတာပါ။ အဲဲ့ဒီ စစ်ကြောင်းက စစ်ရှောင်စခန်းကို ဝင်ရောက်စီးနင်းခဲ့တာဖြစ်ပြီး တဲအိမ်တွေ ၊ အသုံးအဆောင်ပစ္စည်းတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။

လက်ရှိမှာတော့ စစ်ဘေးရှောင်တွေဟာ ခိုလှုံဖို့နေရာ အတည်တကျမရှိသေးဘဲ နီးစပ်ရာ ဆွေမျိုး ၊ မိတ်ဆွေတွေထံ ယာယီ နေထိုင်ကြသူရှိသလို တချို့ကတော့ မိုးကာတဲထိုးပြီး စုပေါင်းနေထိုင်ကြတယ်လို့ ပြောပါတယ်။

“ ကျနော်တို့အနေနဲ့ စားနပ်ရိက္ခာ အခက်အခဲရှိတယ်၊ မိုးကာ လိုအပ်တာပေါ့၊ အခုက တအိမ်ထဲကို မိသားစု နှစ်စုသုံးစု ပေါင်းပြီး ခနနေကြတာပေါ့” လို့ စစ်ရှောင်အရေး ဆောင်ရွက်သူတဦးက ပြောပါတယ်။

ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေဟာ ဘေးလွတ်ရာနေရာအထိ နေ့တပိုင်းလမ်းလျှောက်ခဲ့ရသလို ဒဏ်ရာရရှိထားတဲ့ သက်ကြီးပိုင်းတွေရှိပြီး ကျန်းမာရေးပိုင်းစောင့်ရှောက်မှု လိုအပ်နေတယ်လို့လည်း ပြောပါတယ်။

“ ဘယ်လိုပြေးရမှန်းမသိတော့ဘူး အဝတ်တထည် ကိုယ်တခုနဲ့ပဲ ပြေးရတာပေါ့ တောထဲမှာ ဝေးရာကို ရှောင်ရတာပေါ့။” လို့ စစ်ရှောင်တဦးက ပြောပါတယ်။

ဝှယ်ဒူလျား စစ်ရှောင်စခန်းမှာတော့ ထားလဲ၊ ပရယ်တော် ကျေးရွာခံတွေအများစု အပါအဝင် ဒီးမော့ဆို၊ ဖရူဆို ဒေသခံတချို့လည်း ရှိပြီး အိမ်ခြေ ၁၄၀ ကျော် ၊ လူဦးရေ ၇၀၀ ဝန်းကျင်အထိ ရှိပါတယ်။

ဖရူဆို -နန်းဖဲ လမ်းမကြီးဘေးတလျှောက်ကို စစ်ကော်မရှင်တပ် စစ်ရေးလှုပ်ရှားနေသလို လူထုရှိရာဖက်ကိုလည်း ဒရုန်းနဲ့ပစ်ခတ်တာ ၊ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် တခြား စစ်ရှောင်စခန်းတွေ ၊ ကျေးရွာတချို့ကလည်း လုံခြုံရေးအရ တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ဖရူဆိုမြို့နယ်အတွင်းမှာ စစ်ကော်မရှင်တပ် စစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့လူဦးရေ ( ၁၀၀၀ ) ကျော်ရှိပြီး လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ လိုအပ်နေတယ်လို့ ကူညီဆောင်ရွက်နေသူတွေက ပြောဆိုထားပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ