spot_img
Homeသတင်းနွေရာသီကာလ ရေလုံလောက်မှုမရှိတာကြောင့် စစ်ရှောင်စခန်းတွေမှာ ရေအကန့်အသတ်နဲ့သုံးစွဲရ

နွေရာသီကာလ ရေလုံလောက်မှုမရှိတာကြောင့် စစ်ရှောင်စခန်းတွေမှာ ရေအကန့်အသတ်နဲ့သုံးစွဲရ

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်း စစ်ရှောင်စခန်းတနေရာမှာ နွေရာသီကာလ ရေမလုံလောက်မှုကြောင့် ရေကို အကန့်အသတ်နဲ့ ခပ်ယူနေရတယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်အိမ်ထောင်စု ၁ စုကို ၁၀ ပုံးနှုန်းနဲ့ ၁ ပတ်ကို ၂ ကြိမ်သာ ခပ်ယူခွင့်ရှိတာကြောင့် မီးဖိုချောင် ချက်ပြုတ်ဖို့အတွက်သာ သုံးစွဲနေရတယ်လို့ စစ်ရှောင်ကော်မတီဝင်တဦးက ပြောပါတယ်။

“နွေရာသီရောက်ပြီဆိုရင် ရေ က လုံးဝမထွက်တော့ဘူး။ ဒီဇင်ဘာကနေ စပြီးတော့ခမ်းတယ်။ ရေလောင်ကန်တွေ ရှိတယ်။ ACF က လုပ်ထားတာ ၃ ခုရှိတယ်။ ရွာပုံး ကြီး ၁ ခု ရှိတယ်။ကျေးလက်က တခု ရှိတယ်။ ဒါပေမယ့် မလောက်ဘူး။ တအိမ်ကို ၁၀ ပုံး ပဲ ခပ်ရတယ်။ ၁ ပတ်ကို ၂ ချိန်ပေါ့။ လောက်အောင်သုံးရတယ်။သုံးရေပဲပေါ။စားဖို့ သောက်ဖို့ လောက်ပဲ”လို့ သူကပြောပါတယ်။

အဝတ်လျှော်ဖို့ နဲ့ တစ်ကိုယ်ရေ သုံးစွဲဖို့ကိုတော့ စစ်ရှောင်စခန်းနဲ့ အလှမ်းဝေးတဲ့ ရေအရင်းအမြစ်ရှိတဲ့နေရာမှာ သွားရောက်ရတာပါ။ အသွားအပြန်ကို ခြေလျင်ခရီးနဲ့ ၁ နာရီကျော် ကြာမြှင့်တယ်လို့ ဆိုပါတယ်။

စစ်ရှောင်စခန်းမှာ ရေလုံလောက်မှုမရှိတဲ့အပြင် တကိုယ်ရေသန့်ရှင်းရေး အားနည်းတာကြောင့်လည်း သက်ကြီးရွယ်အိုတွေ ၊ ကလေးငယ်တွေမှာ ယားနာဖြစ်ပွားသူ ရှိနေပါတယ်။

အဆိုပါ စစ်ရှောင်စခန်းမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်က တိမ်းရှောင်လာကြတာဖြစ်ပြီး အိမ်ခြေ ၅၀ ကျော်ရှိပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ