spot_img
Homeသတင်းမတရားဖမ်းဆီးထားတဲ့ သတင်းသမားအားလုံး လွတ်ပေးဖို့နဲ့ မီဒီယာဌာနအပေါ် ပစ်မှတ်ထား ဖိနှိပ်ပိတ်ပင်မှုတွေကို ရပ်တန့်ဖို့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ မှာ IPCM တောင်းဆို

မတရားဖမ်းဆီးထားတဲ့ သတင်းသမားအားလုံး လွတ်ပေးဖို့နဲ့ မီဒီယာဌာနအပေါ် ပစ်မှတ်ထား ဖိနှိပ်ပိတ်ပင်မှုတွေကို ရပ်တန့်ဖို့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ မှာ IPCM တောင်းဆို

-

ကန္တာရဝတီတိုင်း(မ်)

ယမန်နေ့ (မေလ ၃ ရက်နေ့) မှာ ကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ မှာ စစ်အုပ်စုကနေ မတရားဖမ်းဆီးထားတဲ့ သတင်းသမားအားလုံး လွတ်ပေးဖို့နဲ့ မီဒီယာဌာနအပေါ် ပစ်မှတ်ထား ဖိနှိပ်ပိတ်ပင်နေမှုတွေကို ရပ်တန့်ဖို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) ကအပြင်းအထန်တောင်းဆိုထားပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေဟာ အရှိန်အဟုန်နဲ့ ဆက်လက်ကျဆင်းနေသလို သတင်းသမားတွေဟာလည်း ဘက်ပေါင်းစုံ ဖိနှိပ်ချုပ်ချယ်မှုတွေနဲ့ ရင်ဆိုင်နေရတာပါ။

ဒါ့အပြင် ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့် အညွှန်းကိန်းအရ နိုင်ငံပေါင်း ၁၈၀ အနက် မြန်မာနိုင်ငံဟာ လက်ရှိမှာ အဆင့် ၁၆၆ မှာ ရပ်တည်နေပြီး ဆိုးရွားတဲ့ အနီရောင်အဆင့်အဖြစ် ဆက်လက် သတ်မှတ်ထားခံရကြောင်းကိုလည်း နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) ရဲ့ အသိပေး ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ သတင်းဌာနအချို့ကိုလည်း စစ်အုပ်စုက လိုင်စင်ပိတ်သိမ်းတာ သတင်းထောက်တွေကို နှစ်ရှည် ထောင်ဒဏ်ချမှတ်တာတွေ လုပ်ဆောင်နေဆဲဖြစ်ပါတယ်။

” တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ သတင်းမီဒီယာလွတ်လပ်ခွင့် အနှစ် ၂၅ နှစ်အတွင်းမှာ အကျဆုံးအချိန်ဖြစ်နေပါတယ်။ ဒီလိုမျိုး ကမ္ဘာ့အဆိုးဆုံးနိုင်ငံ ၂၀ ထဲ ပါတာလည်း သိပ်တော့ အံ့ဩစရာမရှိပါဘူး။ ဘာလို့လဲဆိုတော့ မြန်မာပြည်မှာ ကမ္ဘာနဲ့ချီပြီးတော့ အဖမ်းခံရတဲ့ သတင်းသမား ဒုတိယအများဆုံးဖြစ်နေတယ်။ အရင်တုန်းကတော့ ပိုများတာပေါ့ဗျ။ အခုတော့ လွတ်ငြိမ်းချမ်းသာ ဘာညာနဲ့ဆိုတော့ ၁၈ ယောက်ကျန်ပါသေးတယ်။ အမျိုးသမီး ၃ ယောက်၊ အမျိုးသား ၁၅ ယောက် နှစ်ရှည်ထောင်ဒဏ်ချထားပါတယ်။ အဲ့လိုပဲ ကျနော်တို့ သတင်းရယူခွင့်နဲ့ပတ်သက်လို့ရှိရင်လည်း စစ်တပ်က သူတို့နဲ့ တည့်တဲ့ သူတို့နဲ့သင့်မြတ်တဲ့ လူတွေကိုပဲအဓိကပေးတာပါ။ လောလောဆယ် အသွင်ပြောင်းအစိုးရပဲပြောပြော ဘောင်းဘီချွတ်အစိုးရပဲပြောပြောပေါ့ မီဒီယာလွတ်လပ်ခွင့်ကတော့ ပြန်ကောင်းသွားနိုင်တဲ့ အခြေအနေမရှိသေးဘူးလို့ပဲပြောပါရစေခင်ဗျ။ ” လို့ IPCM ရဲ့ အတွင်းရေးမှူး ဦးတိုးဇော်လတ်က အခုလို ပြောဆိုထားပါတယ်။

လက်ရှိ ၂၀၂၆ ခုနှစ် မေလ(၃)ရက်နေ့အထိ စာရင်းအရ သတင်းမီဒီယာသမား(၁၈)ဦးဟာ အကျဥ်းထောင်မှာ အကျဥ်းကျခံနေရဆဲဖြစ်ပြီး အမျိုးသား ၁၅ ယောက် နဲ့အမျိုးသမီး(၃)ဦးတို့ပါဝင်တာပါ။

စစ်ကော်မရှင် အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်ကနေ လက်ရှိအချိန်ထိ ၅ နှစ်ကျော်ကာလအတွင်း သတင်းသမား ဦးရေ ၂၀၀ နီးပါးဖမ်းဆီးခံခဲ့ရပြီး နိုင်ငံတစ်ဝှမ်းက အကျဥ်းထောင်အသီးသီးမှာ သတင်းမီဒီယာသမားအနည်းဆုံး(၃၀)ကျော်ကနေ အများဆုံး(၆၀)ဝန်းကျင်အထိ ထိန်းသိမ်းခံနေကြတယ်လို့ ဆိုပါတယ်။

ရှေ့ဆက်မှာလည်း မြန်မာသတင်းသမားတွေဟာ ဘယ်လောက်ပဲခက်ခဲတဲ့ အခြေအနေမှာပဲဖြစ်ပါစေ အများပြည်သူတွေ သတင်းသိပိုင်ခွင့်၊ ရပိုင်ခွင့် စတဲ့အခြေခံမူပေါ်မှာ ဒုက္ခ၊ သုခမျိုးစုံကြားကနေပြီးတော့ သတင်းမှန်တွေ ဆက်ပြီး‌တော့ တင်ဆက်သွားတာ ဆက်ပြီးတော့ ထုတ်လွှင့်တင်ဆက်သွားတာ၊ ရတဲ့အခြေအနေကနေ ကြိုးစားပြီးတော့ ပြည်သူတွေအတွက်သတင်းတွေ ဆက်တင်ဆက်နေမှာဖြစ်ကြောင်းကိုလည်း IPCM ရဲ့ အတွင်းရေးမှူး ဦးတိုးဇော်လတ်က ပြောကြားပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ