ကန္တာရဝတီတိုင်း (မ်)
မြန်မာ နဲ့ ထိုင်းမှာ ဆက်စပ်စီးဆင်းနေတဲ့ သံလွင်မြစ်ထဲက ခရုတွေမှာ ကျန်းမာရေးကို အန္တရာယ်ဖြစ်စေနိုင်တဲ့ အာဆင်းနစ်ဓာတ်ပါဝင်မှုဟာ ဘေးကင်းမှု သတ်မှတ်ချက်ထက် ၁၀ ဆ ကနေ အဆ ၂၀ အထိပါဝင်နေတယ်လို့ ထိုင်းသတင်းဌာနတစ်ခုဖြစ်တဲ့ the transbodernews ကဖော်ပြပါတယ်။
“နိုင်ငံသားသိပ္ပံ” (Citizen Science) နည်းလမ်းနဲ့ ပတ်ဝန်းကျင်ကျန်းမာရေး အသိပညာ တိုးမြှင့်ရေး သုတေသနစီမံကိန်း ခေါင်းဆောင်လည်းဖြစ်သူ ဆိုမ်ဖွန် ပင်ခမ် (Somporn Pengkham) ရဲ့ မေလ ၃ရက်နေ့က ပြောကြားချက်ကို ကိုးကားထားတဲ့ သတင်းဖော်ပြထားတာပါ။ ဒီတွေ့ရှိချက်ကြောင့် သံလွင်မြစ်ထဲမှာရှိတဲ့ ခရုတွေကိုမစားသုံးဖို့ ထိုင်းနိုင်ငံမယ်ဟောင်ဆောင်ခရိုင်အတွင်းက သံလွင်မြစ်နဲ့ အနီးမှာ နေထိုင်တဲ့ ထိုင်းလူထုတွေကို အာဏာပိုင်တွေက သတိပေးထားတယ်လို့ဆိုပါတယ်။
မြစ်ရေကျနေစဥ်မှာ ဒေသခံတွေက ခရုတွေကို စုဆောင်းထားပြီး ဟင်းလျာတွေအတွက် အဓိကချက်ပြုတ်စားသောက်ကြတာကြောင့် စားသုံးမှုဆက်မပြုလုပ်ဖို့ကို ညွှန်ကြားထားတာပါ။
ကရင်နီပြည်အတွင်းက သံလွင်မြစ်ဖြတ်သန်းစီးဆင်းတဲ့ ဖားဆောင်း ၊ ရှားတော ( ဆိုမိုဖေစိုးလေး ) ၊ ဘောလခဲ ( ရွာသစ်မြို့ ) တို့မှာ မြစ်အတွင်း ငါး၊ ခရုတွေကို ရှာဖွေစားသောက်နေကြဆဲပဲလို့ ရွာသစ်မြို့က ဒေသခံတစ်ဦးကပြောပါတယ်။
သံလွင်မြစ်အဆိပ်သင့်မှုနဲ့ ပတ်သတ်ပြီး ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေကနေတဆင့် ပညာပေး လုပ်ငန်းတွေ ဆက်လက် လုပ်ဆောင် သွားမယ်လို့ IEC ကပြောထားခဲ့ဖူးပါတယ်။
ဒေသခံတွေဘက်ကတော့ လက်ရှိအချိန်အထိ သံလွင်မြစ်မှာ အာဆင်းနစ်အဆိပ်သင့်နေတဲ့ အကြောင်းကိုတော့ လူတိုင်းက မသိရသေးသလို၊ အသိပညာပေးရေးလုပ်ငန်းစဥ်တွေလည်း မတွေ့ရသေးဘူးလို့လည်း ရွာသစ် ဒေသခံတစ်ဦးကပြောပါတယ်။ မြစ်ရေအဆင့်သင့်မှုဖြစ်တယ်လို့ သုတေသန အဖြေမသိရခင်ကတည်းက သံလွင်ငါး အထူးသဖြင့် အရွယ်အစားကြီးတဲ့ ငါးတွေစားရင် မူးဝေတယ်လို့လည်း ရွာသစ်မြို့ခံတွေကပြောပါတယ်။
ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ကလည်း သံလွင်မြစ်အတွင်း အာဆင်းနစ်ဓာတ်ပါဝင်မှု အဆ ၅၀ ကျော်ရှိနေလို့ မြစ်ရေနဲ့ မော်ချီးဒေသကနေ စီးဆင်းလာတဲ့ မိုလိုချောင်းက ရေကိုထိတွေ့ခြင်းမပြုလုပ်ဖို့ ကြေညာထားပါတယ်။






