ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်မှာ ပြီးခဲ့တဲ့ ဧပြီလ တစ်လအတွင်း မိုင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးခဲ့သလို ၂ဦး ထိခိုက်ဒဏ်ရာရရှိသူတွေ ရှိခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
ထိခိုက်သေဆုံးမှုတွေဟာ မြေမြှုပ်မိုင်းကြောင့်အပြင် လက်လုပ်မိုင်းတွေကြောင့်လည်း ပါဝင်ပါတယ်။
သေဆုံးခဲ့သူ တစ်ဦးကတော့ အမျိုးသားဖြစ်ပြီး လက်လုပ်မိုင်းကြောင့် သေဆုံးခဲ့တာဖြစ်တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့(KnHRG) ရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။
“လက်လုပ်မိုင်းကြောင့် ထိခိုက်သေဆုံးတာပေါ့နော်။ သူက ဒေါစဲ စစ်ရှောင်ကဖြစ်တယ်။ ယောကျာ်းလေးဖြစ်တယ်။ အသက်က ၃၅ ဝန်းကျင် ဖြစ်မယ်။”လို့ KnHRG ရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေမှာတော့ မြေမြှုပ်မိုင်းတွေကြောင့် ဖြစ်ကာ ပြီးခဲ့တဲ့ ဧပြီလ ၁၃ ရက်နေ့က လွိုင်ကော်မြို့ ၊ နောင်ယား ( က ) ရပ်ကွက်အတွင်း နဲ့ ထီးစဲခါးကျေးရွာမှာ အသက် ၄၀ အရွယ် အမျိုးသမီးတဦး နဲ့ အသက် ၉ နှစ်အရွယ် ကလေးတဦး ဖြစ်ကြောင်း ကန္တာရဝတီတိုင်း(မ်) ရဲ့ လက်လှမ်းမီ စာရင်းအရ သိရပါတယ်။
နေအိမ် ခြံဝန်းအတွင်း မိုင်းထိခိုက်မှု အခြေအနေနဲ့ ဆက်စပ်ပြီး လွိုင်ကော်ကနေ စစ်ဘေးတိမ်းရှောင်နေသူ စစ်ရှောင်အမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။
“အစ်မတို့က လွိုင်ကော်ဖက်အိမ်တော့ ရှိတော့ရှိသေးတယ်။ ပျက်စီးတာတော့ ပျက်တာပေါ့။ အသွားအပြန်လုပ်ကြတာပါပဲ။ နေအိမ် သန့်ရှင်းရေးတို့ဘာညာလည်း လုပ်ကြတာပဲ။ အစ်မတို့တော့ ပြန်လုပ်မနေတော့ဘူး။ အိမ်ကအကောင်းကြီးလည်းမဟုတ်တောဘူး။ သန့်ရှင်းရေးပြန်လုပ်ရအောင်လည်း သူများ မိုင်းနင်းမိတာ ခနခနကြားတော့ ပြန်ချင်စိတ်လည်းမရှိ။”လို့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
ဒါ့အပြင် ဧပြီလ တစ်လအတွင်းမှာ စစ်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တွေကြောင့် အမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦး နဲ့ ကလေး(၃)ဦး စုစုပေါင်း ပြည်သူ ၅ ဦးသေဆုံးခဲ့မှုအပြင် အမျိုးသား(၆)ဦး၊ အမျိုးသမီး(၁)ဦး၊ ကလေး(၂)ဦး၊ ဂျန်ဒါလ်မသိ (၂)ဦး စုစုပေါင်း ပြည်သူ ၁၁ ဦး ထိခိုက်မှုရှိခဲ့တယ်လို့လည်း KnHRG ရဲ့ စာရင်းအရ သိရပါတယ်။






