ကန္တာရဝတီတိုင်း (မ်)
စတားလင့်ကုမ္ပဏီရဲ့ အသစ်သတ်မှတ်လိုက်တဲ့ စည်းကမ်းချက်ကြောင့် ကရင်နီပြည်မှာ အသုံးပြုနေတဲ့ စတားလင့်စက်ပိုင်ရှင်တွေကြား စိုးရိမ်မှုတွေရှိတယ်လို့ စတားလင့်စက်ကို အသုံးပြုသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ (၆) ရက်နေ့က စတားလင့်ကုမ္ပဏီ ဖက်ကနေ စတားလင့်အသုံးပြု သုံးစွဲနေတဲ့ ပိုင်ရှင်တွေကို အမည်၊ ပတ်စပို့ နံပါတ် တောင်းတာ စတဲ့ အချက်အလက်တွေကို တောင်းခံစာ ပို့လာတယ်လို့ ဆိုပါတယ်။
“ကျနော့်အထင် ကျားဖြန့်ကိစ္စနဲ့ ပတ်သက်တာလည်း တနည်းတဖုံ ပါလိမ့်မယ်ပေါ့နော်။ ကုမ္ပဏီ ဖက်ကလဲ (စတားလင့်) ဖက်လည်း အရောင်းအဝယ်တွေဖြစ်နေတဲ့ ပုံစံကိုထိန်းချင်လို့ စည်းကမ်း နည်းနည်း ချမှတ်လိုက်တာလားလည်း မပြောတတ်ဘူးပေါ့နော်။ ကုမ္ပဏီ ဖက်ကတောင်းလာတယ် ဆိုတော့လဲ ID တင်ရမယ်ပေါ့နော်။ မှတ်ပုံတင်ရမယ့် ပုံစံမျိုးပေါ့။ အမည်ပေါက်နဲ့ ဆင်းကဒ်မှတ်ပုံတင်ရတဲ့ ပုံစံမျိုးပေါ့ အဲ့လိုတင်ရမယ်ပေါ့” လို့ စတားလင့်စက် ပိုင်ရှင်တဦးက ဆိုပါတယ်။
စတားလင့်ကုမ္ပဏီ ဖက်က ထုတ်ပြန်လိုက်တဲ့ စည်းကမ်းချက်အသစ်ကို သတ်မှတ်ထားတဲ့ ရက်အတွင်း လုပ်ဆောင် လျှောက်ထားခြင်းမပြုလုပ်ပါက စတားလင့်အင်တာနက် အသုံးပြုလို့ မရတော့တာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
ကရင်နီပြည်က တော်လှန်ရေးအင်အားစု ထိန်းချုပ်ရာနယ်မြေတွေမှာ လူထုဝန်ဆောင်မှုတွေ ၊ ငွေလွဲငွေထုတ် ၊ ဆက်သွယ်ရေးအတွက်ဖြစ်စေ စတားလင့်အင်တာနက်ကို အဓိက အသုံးပြုကြတာဖြစ်ပါတယ်။
“သတင်းအချက်အလက်ပေါ့။ အချိန်နဲ့ တပြေးညီ မသိတော့တာမျိုးပေါ့ နောက်ကျကျန်ခဲ့တာမျိုးတွေ လိုင်းပိတ်မယ်ဆို ပိုဆိုးကုန်မှာပေါ့” လို့ နောက်ထပ် စတားလင့်ပိုင်ရှင်တစ်ဦးက ပြောပါတယ်။
မိမိတို့ရဲ့ စတားလင့်အကောင့် မပိတ်ခံရအောင် အတတ်နိုင်ဆုံးနဲ့ အမြန်ဆုံး နီးစပ်ရာ စတားလင့်အင်တာနက် ဝန်ဆောင်မှုပေးသူတွေထံ အသိပေးပြီး ID တင်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။






