spot_img
Homeဆောင်းပါးပြည်တွင်းမျိုးသန့်စပါး ဖြန့်ဖြူးရေး အိပ်မက် အသက်ဝင်ပြီ

ပြည်တွင်းမျိုးသန့်စပါး ဖြန့်ဖြူးရေး အိပ်မက် အသက်ဝင်ပြီ

-

ကန္တာရဝတီတိုင်း (မ်)

ကရင်နီတစ်ပြည်လုံးကို မျိုးသန့်စပါးဖြန့်ချိနိုင်ဖို့ ရည်မှန်းထားတဲ့ စိုက်ပျိုးရေး ပါရဂူဘွဲ့ရ ဒေါက်တာ စောဦးရယ်ရဲ့ အိပ်မက်က စတင်အကောင်ထည်ပေါ်လာပါပြီ။ အခုနှစ် မိုးတွင်းမှာ စပါးစိုက်တောင်သူတွေအတွက် ဧက ၁၀၀ ဝန်းကျင် စိုက်ပျိုးလို့ရနိုင်မယ့် မျိုးသန့်စပါးကို ဖြန့်ချိခဲ့တယ်လို့ စောဦးရယ်ကပြောပါတယ်။ ကရင်နီပြည်ရဲ့ မြို့နယ် ၂ခုက တောင်သူအယောက် ၅၀ ဆီကို ဖြန့်ဝေပေးခဲ့တာပါ။

ဒေါက်တာစောဦးရယ်ထုတ်လုပ်ထားတဲ့ ဒီမျိုးသန့်စပါးဟာ ယာကိုးစပါး အမျိုးအစားဖြစ်ပြီး အထွက်တိုး၊ အကြမ်းခံတယ်လို့ ဒေါက်တာစောဦးရယ်က ပြောပါတယ်။

မျိုးသန့်စပါးတွေကတော့ တောင်သူတွေလက်ထဲရောက်သွားပြီဖြစ်လို့ ဒီလကုန်ရင် ပျိုးပင်ချ စိုက်ပျိုးရတော့ မှာ ဖြစ်ပါတယ်။

မျိုးသန့်စပါးစိုက်ပျိုးမယ့် တောင်သူတွေကတော့ ဘာမှထူးထူးခြားခြားလုပ်စရာမလိုပါဘူး။ စိုက်နေကြအတိုင်းပဲ စိုက်နေရင်ရပြီလို့ ဒေါက်တာ စောဦးရယ် ကပြောပါတယ်။

ဒီမျိုးသန့် စပါးတွေကို ဒေါက်တာ စောဦးရယ်က အခမဲ့ ဖြန့်ဝေပေးတာပါ။ ဒါပေမဲ့ သူ့မှာ သတ်မှတ်ချက်တစ်ခုတော့ရှိပါတယ်။

ဒါကတော့ နောက်ဆုံးစပါးထွက်တဲ့အချိန်မှာ မျိုးစပါးယူထားတဲ့ တောင်သူတဦးကနေ နောက်ထပ်တောင်သူ နှစ်ဦးဆီကို စပါးမျိုးကို အခမဲ့ ပြန်လည်ပေးဝေရမယ့် အစီအစဥ်ပါ။

“ခင်မျာ စပါး တစ်အိတ်ယူလို့ရှိရင် နှစ်အိတ်ပြန်ပေး၊ တစ်ပုံးယူရင် နှစ်ပုံး ပြန်ပေး။ နှစ်ဆပြန်ပေးပေါ့။ တစ်အိတ်ဆိုရင် တစ်ဧက ရတယ်မလား။ တစ်ဧက မှာ ခင်မျာ အိတ်သုံးဆယ်ပဲ ထွက်ထွက်၊ လေးဆယ်ပဲ ထွက်ထွက် ၊ ငါးဆယ်ပဲ ထွက်ထွက် ကျနော်တို့ကို နှစ်အိတ်ပြန်ပေးရင်ရပြီ။ ကျန်တဲ့ဟာက စားရင်စား၊ ‌ရောင်းရင်ရောင်း၊ ကျနော်တို့နဲ့မဆိုင်တော့ဘူး။ ခင်ဗျားဆီက မျိုးသန့် ပြန်ထွက်တယ်ဆိုရင်လည်း ရောင်းရင်ရောင်း ကျနော်တို့ ဘာမှမပြောဘူး။ ဒါပေမဲ့ သူတို့ဆီက ရတဲ့ နှစ်အိတ်ကို နောက်နှစ်ကျရင် တစ်ခြားလူ နှစ်‌ယောက်ကို ထပ်ပေးမယ်။ အဲလိုမျိုး နောက်နှစ် plan ပေါ့နော” လို့ ဒေါက်တာစော ဦးရယ်က ပြောပါတယ်။

ပုံမှန်ဆိုရင် မျိုးသန့်ထုတ်တာက အဆင့် ၄ဆင့်ရှိပြီး အဆင့် ၁ ဆင့် ကို တစ်နှစ်စီနဲ့ အချိန် ၄ နှစ်ကြာပါတယ်။

ဒါပေမဲ့ တောင်သူလက်ထဲကို မျိုးသန့်စပါးတွေ အမြန်အပ်ချင်တဲ့ စိတ်ဆန္ဒကြောင့် ဒေါက်တာစောဦးရယ်ကတော့ တစ်နှစ်ထဲနဲ့ စပါးမျိုး ၇၀ ရာနှုန်းကနေ ၈၀ ရာနှုန်းအထိသန့်နိုင်တဲ့ မျိုးသန့်အမြန်ထုတ်နည်းကို ရွေးချယ်အသုံးပြုခဲ့ပါသေးတယ်။

ဒါကြောင့် အခုလက်ရှိ တောင်သူတွေဆီကိုရောက်နေတဲ့ ယာကိုးစပါးတွေကတော့ ၇၀ ကနေ ၈၀ ရာခိုင်နှုန်းပဲ မျိုးသန့်မှာဖြစ်ပါတယ်။

“short cut way ကတော့ ကျ‌နော်တို့ တောင်သူတွေဆီက ရတဲ့ မျိုးစေ့တွေကို လက်နဲ့ တစ်ခါပြန်ပယ်ပြီးတော့မှဘဲ ရိတ်တဲ့အထိပေါ့နော။ တတ်နိုင်သလောက် ပြန်သန့်ပြီးမှပဲ တောင်သူဆီကိုဖြန့်ပေးတာ‌ပေါ့။ short cup way ကအလွန်ဆုံးမှ ၈၀ ၊ ၉၀ ရာခိုင်နှုန်းပဲ သန့်နိုင်တယ်” လို့ ဒေါက်တာစောဦးရယ်က ပြောပါတယ်။

ဒါတင်မကသေးပါဘူး. ပိုပြီးမျိုးကောင်းမျိုးသန့် စပါးတွေကို ဒေါက်တာဦးရယ် ထုတ်နေပါသေးတယ်။ မြန်မာနိုင်ငံရဲ့ အားသာချက်အရ တစ်နှစ်မှာ နွေစပါး၊ မိုးစပါး စိုက်လို့ရလို့ အဆင့် ၄ ဆင့်လုံးအတွက် အချိန် ၂ နှစ်ပဲယူပြီး ဒေါက်တာဦးရယ် က မျိုးသန့်စပါးထုတ်နေပါတယ်။

ဒီမေလထဲမှာပဲ ဒေါက်တာဦးရယ်တို့ မျိုးသန့်ထုတ်နေတဲ့ လယ်ကွက်ထဲက စပါးတွေကို စရိတ်သိမ်းနေပါပြီး။ ဒါကအဆင့် ၃ ကိုရောက်နေပြီဖြစ်တဲ့ ရွေရင်အေးမျိုးသန့် စပါးတွေ ဖြစ်ပြီးတော့ လာမယ့်နှစ်မှာ အဆင့် ၄ ရှိတဲ့ ၉၈ ရာနှုန်းသန့်တဲ့ မျိုးသန့်စပါးတွေကို ထုတ်နိုင်တော့မှာပါ။

အခုရိတ်သိမ်းနေကြတဲ့ စပါးမျိုးတွေကိုတော့ ၂၀၂၄ ခုနှစ်ကတည်းက အဆင့် ၁ ကနေ စစိုက်ခဲ့တာလို့ပြောပါတယ်။

သူ့ရဲ့ကြိုးစားအားထုတ်မှုအပြင် တောင်သူတွေဆီက ထွက်လာတဲ့ထပ်ဆင့်ပွား မျိုးသန့်စပါးတွေကနေတစ်ဆင့် လာမယ့် ၂၀၂၈ ခုနှစ်မှာ တပြည်နယ်လုံးကို မျိုးသန့်စပါးဖြန့်နိုင်ဖို့ မျှော်လင့်တယ်လို့လည်း ပြောပါတယ်။

‌ဒေါက်တာစောဦးရယ်က တစ်ဧက ခွဲပဲ ရှိတဲ့ သူ့ရဲ့လယ်ကွင်းထဲကနေပြီးတော့ တရုတ်မွေး၊ ရွှေအပ်၊ 5O2၊ ယာကိုး မျိုးသန့်စပါးတွေကိုထုတ်ပြီး ကရင်နီပြည်ကတောင်သူတွေဆီကို ဖြန့်မှာဖြစ်ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ ကရင်နီတောင်သူတွေ စပါးအထွက်တိုးဖို့နဲ့ မိသားစု စားဝတ်နေရေးချောင်လည်ဖို့ပါပဲ။

စားဝတ်နေရေးအတွက် စိုက်ပျိုးမယ့် တောင်သူတွေအတွက်တော့ စိုက်နေကြစပါးမျိုးတွေကို မျိုးသန့်ထုတ်နေတဲ့အပြင် စီးပွားဖြစ်စိုက်လိုသူအတွက် ရည်ရွယ်ပြီး အမျိုးအမည်မပေးရသေးတဲ့ စပါးမျိုး ၁၉ မျိုးကိုလည်း တဆက်တည်းမှာ ဒေါက်တာစောဦးရယ်က ထုတ်ဖို့ ကြိုးစားနေပါတယ်။

“ အခြေနေပြန်ကောင်းလာရင် ကျနော်တို့ ကယားပြည်နယ် (ကရင်နီပြည်) မှာ ဂျပန်ဆန်ထွက်တယ်။ ကယားပြည် (ကရင်နီ) က ထွက်တဲ့ဂျပန်ဆန်တွေ အရည်အသွေးကောင်းတယ်။ ကမ္ဘာပေါ်မှာ ကျနော်တို့ ဖြန့်နိုင်တယ်ဆိုတဲ့ အနေအထားကို ပြန်သွားဖို့ ရည်ရွယ်ထားတယ်ပေါ့နော။ တစ်ကယ်တမ်း အာဏာမသိမ်းလိုက်ဘူးဆိုရင် လက်တစ်လှမ်းပဲလိုတော့တယ်။ ကိုရိုနာဖြစ်တာနဲ့ အာဏာသိမ်းတာနဲ့မဖြစ်လိုက်ဘူးဆိုရင် ဒီအချိန်မှာက ထွက်နေလောက်ပြီ ကျနော်တို့ဆီမှာ” လို့ ဒေါက်တာ စောဦးရယ်က ပြောပါတယ်။

၂၀၁၈ ခုနှစ်တုန်းက Asahi ၊ Milky Queen၊ Dontokoi၊ Hanaechizen အမည်ရတဲ့ ဂျပန်စပါး ၄ မျိုးကို ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်က စိုက်ပျိုးရေး သုသေတနခြံဖြစ်ကြတဲ့ သပြေတောစိုက်ကွင်းနဲ့ ငွေတောင် မျိုးသန့်ခြံ အမှတ်-၂ စိုက်ကွင်း တို့မှာ စမ်းသပ်စိုက်ပျိုးခဲ့ကြရာမှာ အောင်မြင်ခဲ့ပါတယ်။

အဲဒီစိုက်ပျိုးရေးခြံနှစ်ခုကနေ ထွက်တဲ့စပါးက ဂျပန်နိုင်ငံရဲ့ စပါးလိုပဲ အရည်အသွေးမီခဲ့တယ်လို့လည်း စိုက်ပျိုးရေးသုတေသနတွေက မှတ်ချက်ပြုခဲ့ပါတယ်။ ကမ္ဘာ့စျေးကွက်မှာ စျေးအကောင်းဆုံးရတဲ့ ဂျပန်ဆန်က ၂၀၁၈ ခုနှစ်မှာ တစ်ကီလို တစ်သောင်းကျပ်စျေးပေါက်ပါတယ်။ အဲဒီတုန်းက ကရင်နီဒေသခံတွေစိုက်ပျိုးနေကြ တရုတ်မွှေးစပါးက ကီလို ၅၀ ကို သုံးသောင်း ငါးထောင်ကျပ်သာရှိခဲ့တာပါ။

ဒါပေမဲ့ ဂျပန်စပါးကိုစိုက်ရင် အေးတဲ့ရာသီမှာပဲ စိုက်လို့ရမှာပါ။ စပါးကိုလည်း အနီးကပ်စောင့်ကြည့်မှ အရည်အသွေးမီမှာဖြစ်လို့ လတ်တလော တောင်သူတွေကိုတော့ ဖြန့်ဖြူးဖို့ အစီအစဥ်မရှိဘူးလို့ ပြောပါတယ်။

လတ်တလော ဒေါက်တာစောဦးရယ် စမ်းသပ်စိုက်ပျိုးထားတဲ့ အမျိုးအမည်မရေးရသေးတဲ့ ဂျပန်ဆန်ကလည်း ၇၀ ရာခိုင်နှုန်းအထိ စမ်းသပ်စိုက်ပျိုးအောင်မြင်နေတယ်လို့ ပြောပါတယ်။

လက်ရှိဖြစ်နေဆဲဖြစ်တဲ့ ပဋိပက္ခတွေ၊ လမ်းကြောင်းပိတ်ဆို့မှုတွေနဲ့ ဝမ်းရေးအခက်အခဲကြုံလာနေကြရတဲ့ ကရင်နီပြည်သူတွေအတွက်ကတော့ စိုက်လို့ရတဲ့ ဧရိယာကို ရလောက် စိုက်ကြရမယ့်အပြင် စိုက်ထားတဲ့ စပါးတွေဟာလည်း အထွက်တိုးပြီး ပြည်သူတွေကို အငတ်ဘေးမဆိုက်အောင်တော့ ဒေါက်တာစောဦးရယ်က တတ်နိုင်တဲ့ဘက်က ကြိုးစားနေပါတယ်။

တဖက်မှာလည်း သူ့ရဲ့ အမြင်နဲ့ လုပ်ဆောင်ချက်ကို အထောက်အပံ့ပေးမယ့် အစိုးရတစ်ရပ်၊ ဒါမှမဟုတ် တောင်သူတွေရဲ့ အားတက်တရောပါဝင်မှု ရဖို့ကို ဒေါက်တာဦးရယ်က မျှော်လင့်နေရတုန်းပါ။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ