Homeမာလ်တီမီဒီယာကရင်နီပြည်မှာ တပ်တစ်တပ်တည်းဖြစ်ရေးနဲ့ ပတ်သက်ပြီး ကရင်နီပြည်အစိုးရ ကာကွယ်ရေး ဒုဝန်ကြီး ခူးဒယ်နီယာယ်နဲ့ မေးမြန်းခြင်း

ကရင်နီပြည်မှာ တပ်တစ်တပ်တည်းဖြစ်ရေးနဲ့ ပတ်သက်ပြီး ကရင်နီပြည်အစိုးရ ကာကွယ်ရေး ဒုဝန်ကြီး ခူးဒယ်နီယာယ်နဲ့ မေးမြန်းခြင်း

-

ကန္တာရဝတီတိုင်း(မ်)

စစ်ကော်မရှင်ကနေ အာဏာသိမ်းလိုက်တဲ့ မြန်မာနိုင်ငံတစ်ဝှမ်းမှာ ကရင်နီပြည်ဟာ စစ်အုပ်စုတွေရဲ့ တိုက်ခိုက်မှုတွေကို ကြီးကြီးမားမား ရင်ဆိုင်နေရတဲ့ ပြည်နယ်တစ်ခုဖြစ်ပြီး မူလက ရှိနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအပြင် အာဏာသိမ်း ကာလအတွင်း ပေါ်ပေါက်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ရှိနေတဲ့ ပြည်နယ်တခုလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ကရင်နီပြည်မှာ ပြည်နယ်ရဲ့ တပ်ဖွဲ့တခုဖြစ်တဲ့ ညီညွတ်သော ကရင်နီပြည်နယ်တပ်မတော် (UKSA) ကို ဖွဲ့စည်းနိုင်ဖို့ အချက်ပေးသံတွေ၊ စကားသံတွေဟာ သတင်းမီဒီယာ နဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာပါ ထင်ထင်ရှားရှား ထွက်ပေါ်လာပါတယ်။

လက်ရှိမှာ ကရင်နီ တပ်မတော် (KA ) တပ်ဖွဲ့အနေနဲ့ကော တပ်တစ်တပ်တည်း ဖြစ်ရေးအတွက် ဘယ်လို စီမံ ဆောင်ရွက်ချက်တွေ ရှိနေလဲ ဆိုတာကို ကရင်နီပြည်အစိုးရ ကာကွယ်ရေးဒုဝန်ကြီး ခူဒယ်နီယာယ် နဲ့ ကန္တာရဝတီတိုင်း(မ်)က မေးမြန်းတင်ဆက်ပေးလိုက်ပါတယ်။

မေး။ ။ လက်ရှိကရင်နီပြည်မှာ တပ်တစ်တပ် တည်းဖြစ်ဖို့ ကရင်နီ တပ်မတော် (KA) အနေနဲ့ ဘယ်လောက် အဆင်သင့် ဖြစ်နေပြီလို့ ပြောလို့ ရပါသလဲ?

ဖြေ။ ။ ဒီတပ်တစ်တပ်ထဲဖြစ်ရေးက ကျနော်တို့လည်း ကြိုးပမ်းနေတယ်ပေါ့နော။ ကျနော်တို့ ပြင်ဆင်မှုက အများကြီးတော့ အချိန်ယူရဦးမယ်။ ဘာဖြစ်လည်းဆိုရင်ကျနော်တို့ KAကအခြား အဖွဲ့စည်းရဲ့တပ်တွေနဲ့မတူဘူး။ ရဲဘော်သင်တန်းတက်ပြီ သစ္စာရည်သောက်ပြီ အဲဒီနောက်ပိုင်းမှာက သူမသေမချင်းကတော့ သူရဲဘော်ဖြစ်တယ်။ နောက်ပစ်ပယ်လို့လည်းမရဘူး။ ကျနော်တို့သူ့ကို အပြစ်မရှိပဲနဲ့လည်း နားခိုင်းလို့မရဘူး။ အဲ့တာတော့ ခုကျနော်တို့ကြားမှာက လူငယ်တွေရှိသလို သက်ကြီးရွယ်အိုတွေလည်း ရှိနေသေးတယ်။ အဲ့ဒီကြားထဲမှာ ကျနော်တို့က ဒီဟာကို ဘယ်လိုဖြေရှင်းမလည်ပေါ့နော။ ဘယ်လိုနေရာပြန်ချမလည်း ဆိုတဲ့ဟာကတော့ အစီစဥ်ဆွဲနေတယ်။

မေး။ ။ တပ်တစ်တပ်တည်း ဖြစ်ရေးအတွက် လက်ရှိမှာ ဘယ်အဆင့်ထိ ရောက်နေပြီလို့ ပြောလို့ရလဲ/ ဆွေးနွေးနေကြတဲ့ အဆင့်မှာပဲ ရှိသေးလား?

ဖြေ။ ။ ဆွေးနွေးနေတဲ့ အဆင့်တွေထက်ကျော်တော့ ကျော်လွန်နေပြီ။ တကယ်တော့ ကျနော်တို့ တစ်ဖွဲ့ထဲမဟုတ်တဲ့အတွက် အခု နကိုယ်ရှိပြီးသား အဖွဲ့စည်းတွေနဲ့ လည်းညှိနှိုင်းမှုတွေ လုပ်နေရတယ်။ မကြာခဏဆွေးနွေးနေတယ်။ နောက်ပြီးတော့မှ ဒီအာဏာသိမ်းပြီးမှ ထွက်လာတဲ့လူငယ်တွေ‌ပေါ့လေး။ တပ်ဖွဲ့တွေနဲ့ညှိရတယ်။ သို့ပေမဲ့ ဒီကြားထဲမှာက ဒီအဖွဲ့တိုင်းက ရဲဘော်တွေတော့ မဟုတ်ဘူးပေါ့လေး။ တစ်ချို့ကတိုက်ပွဲဝင်တဲ့ ရဲဘော်ရှိသလို တစ်ချို့က အုပ်ချုပ်ရေးလိုင်းမှာပါတယ်။ တစ်ချို့က ထောက်ပို့ရေး လိုင်းမှာပါတယ်။ အဲတာကို ကျနော်တို့ဒီ သီးသန့်ဆိုတဲ့ ရဲဘော်တွေကို ဘယ်လိုစီမံခန့်ခွဲမလည်း။ ကျန်တဲ့လူတွေကိုလည်း ဘယ်လိုနေရာမျိုးပြန်ပေးမလည်း ဆိုတဲ့ အစီစဥ်မျိုးကတော့ သွားတော့သွားနေပါပြီ။ သို့သော်အချိန်တစ်ခုတော့ ထပ်ပေးရဦးမှာပေါ့နော။ ကျနော်တို့ ဒီတစ်ခုထဲပြန်ဖြစ်ဖို့ ဆိုတာတွေ နည်းပညာတွေကစ တူညီဖို့လိုတယ်။ ခံယူချက်တွေကလည်း တူညီဖို့လိုတယ်။ အဲ့တာတွေကတော့ စသွားနေပြီပေါ့နော်။

မေး။ ။ အခုလို တပ်တစ်တပ်တည်း ဖြစ်ရေးမှာ KA ကနေ ဦးဆောင်ဖွဲ့စည်းတာလား/ ဘယ်အဖွဲ့ကနေ ဦးဆောင်ဖွဲ့စည်းတယ်လို့ ပြောလို့ရပါသလဲ?

ဖြေ။ ။ KAကနေ ဦးဆောင်နေတာတော့မဟုတ်ဘူး။ ကျနော်တို့ဒီအဖွဲ့စည်းတွေအားလုံး နောက်ပြီးတော့မှ ဒီ IEC ပေါ့လေး။ အထူးသဖြင့် IECကတော့ဟို ဦးဆောင်ပြီးတော့ နည်းပညာတွေပေးတာတို့ နောက်ဒီ ပေါ်လစီတွေရေးဆွဲတာကတော့ IEC ကနေဦးဆောင်နေတယ်။ ဥပမာ တပ်မတော်ဥပဒေတို့ စသဖြင့်ပေါ့လေး၊ အဲတာတွေကတော့ IEC ကတော့ဦးဆောင်ပြီးတော့ သွားနေတယ်။ အဲ့တာကျနော်တို့ အဖွဲ့စည်းတွေအားလုံးကလည်း ပါဝင်နေတယ်။ KAကနေ တစ်ဖွဲ့တည်း လုပ်ဆောင်နေတာတော့ မဟုတ်ဘူးပေါ့။ ကျနော်တို့တပ်တစ်ခုထဲဖြစ်ရေးက လူတိုင်းကတော့ လိုချင်တယ်။ လူထုကလည်းလိုချင်တယ်။ သို့သော်ကျနော်တို့တပ်က အစိုးရတစ်ခုရဲ့ အောက်မှာရှိရတယ်။ ဆိုတော့အခုက နိုင်ငံရေးအရပြောရမယ်ဆိုလည်း ဒီမှာရှိတဲ့အဖွဲ့စည်းအားလုံးကလည်း နိုင်ငံရေးအရ ဖွဲ့စည်းမှုတစ်ချို့ကကျန်နေ လိုအပ်နေသေးတယ်။ စုတော့စုမိကုန်ပြီ။ သို့သော် တစ်ချို့အခန်းကဏ္ဍတွေ တစ်ချို့လိုအပ်နေသေးတယ်ပေါ့လေး။ အဲ့တော့အဓိက ကျနော်တို့တပ်တစ်ခုထဲ ဖြစ်ဖို့ဆိုတာ ဒီတကယ့် ခိုင်မာတဲ့အစိုးရ တစ်ခုဖြစ်ဖို့ဆိုတာလိုတယ်။ နိုင်ရေးအရဖြစ်စေ၊ အုပ်ချုပ်ရေးအရဖြစ်စေ အစိုးရကောင်းကောင်းမွန်မွန် ခိုင်မာတဲ့ဖွဲ့စည်းပုံ ထွက်လာမှသာလျင် တပ်က အစိုးရအောက်မှာရှိနေမယ်။ အဲ့တော့ ဒီတပ်တစ်ခုထဲ ဖြစ်ရေးထက်ပေါ့လေး၊ ဒီအစိုးရတစ်ခုထဲ နိုင်ငံရေးတစ်ခုထဲဖြစ်ဖို့က ပိုအရေးကြီးပါတယ်။

မေး ။ ။တပ်တစ်တပ်တည်း ဖြစ်ရေးအတွက် လူထုတွေကလည်း အများကြီး မျှော်လင့်နေကြတဲ့အပေါ် လူထုတွေကို အဲ့ဒီ တပ်တစ်တပ်တည်းဖြစ်ရေးနဲ့ ပတ်သက်ပြီး ဘယ်လို အသိပေး အကြောင်းကြားချင်တာရှိမလဲ / ဆရာ့အနေနဲ့ ဘာ ထပ်ဖြည့်စွက် ပြောချင်တာရှိမလဲ?

ဖြေ။ ။ ပြောချင်တာကလည်း အများကြီးပေါ့။ လူထုကလည်းကျနော်တို့ကို ထောက်ခံအားပေးဖို့လည်းလိုတယ်။ တောင့်ထားဖို့လည်းလိုတယ်။ နောက်အဖွဲ့စည်းတိုင်းကလည်း ဒီဟာကိုလည်းတစိုက် မတ်မတ်သွားဖို့တော့လိုတယ်။ အဲ့တာပဲပြောချင်ပါတယ်။

 

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ