ကန္တာရဝတီတိုင်း(မ်)
ရှမ်း-ကရင်နီနယ်စပ်၊ မိုးဗြဲမြို့မှာ စစ်ကော်မရှင်နဲ့ PNO ပူးပေါင်းတပ်တို့ဟာ နယ်မြေစိုးမိုးနိုင်ရေးအတွက် စစ်ရေးလှုပ်ရှားမှုတွေရှိနေပြီး တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နေ့စဉ်ထိတွေ့တိုက်ပွဲတွေရှိနေတာကြောင့် လူထုတွေ လုံခြုံရေး သတိရှိကြဖို့ မိုးဗြဲ PDF က ဒီကနေ့ မေလ ၂၁ ရက်နေ့မှာ အသိပေးထုတ်ပြန်ထားပါတယ်။
စစ်ကော်မရှင်နဲ့ PNO ပူးပေါင်းတပ်တို့ ဟာအင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတယ်လို့ လည်းဆိုထားပါတယ်။
အဆိုပါ ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကော်မရှင်ဖက်က အထိနာမှုများပြီး လက်နက်ကြီး/ငယ်တွေ၊ဒရုန်းတွေနဲ့ စစ်ရှောင်စခန်းတွေမှာလည်း ရည်ရွယ်ချက်ရှိရှိ ရမ်းသမ်း ပစ်ခတ်တာတွေလည်း မကြာခဏ လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၃ ရက်နေ့မှာလည်း မြေပြင်နှစ်ဖက် တိုက်ပွဲအတွင်း အယ်လ်ဖာစစ်ဒေသ – မိုးဗြဲနယ်က ရဲဘော်နှစ်ဦးကျဆုံးခဲ့တာရှိပါတယ်။
မိုးဗြဲ မြို့ရဲ့ မနီးမဝေးမှာ တိမ်းရှောင်ကြတဲ့ လူထုတွေအနေနဲ့တော့ တိုက်ခိုက်မှု မရှိတဲ့ အချိန်တွေမှာလည်း လုံခြုံရေး စိုးရိမ်နေရကြောင်း စစ်ဘေးတိမ်းရှောင်နေတဲ့ ဒေသခံ အမျိုးသားတစ်ဦးက အခုလိုပြောပါတယ်။
“ဒီကျနော်တို့ ဖက်တော့ အခုတလော လက်နက်ကြီး တွေ ဒရုန်းတွေ ပစ်ခတ်လာတော့ မရှိသေးဘူး။ ငြိမ်နေသေးတယ်ပြောလို့ရတယ်။ ဒါပေမဲ့ ကျနော်တို့က နည်းနည်း အလှမ်းပိုဝေးတာလည်းဖြစ်မယ်။ ညဖက်တွေတော့ လေယာဉ် ဖြတ်သွားဖြတ်လာတာတော့ ရှိနေတယ်။ မြို့နဲ့အနီးနားကတော့ လုံခြုံရေးပိုသတိထားရလိမ့်မယ်။ ဘယ်လိုဖြစ်ဖြစ်တော့ သတိထားနေရတာပါပဲ။” လို့ စစ်ရှောင်နေတဲ့ ဒေသခံ အမျိုးသားတစ်ဦးက ဆိုပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်နဲ့ PNO တပ်တွေ ကာကင်းယူထားတဲ့ ကျေးရွာ၊ ရပ်ကွက်အချို့မှာလည်း ပြည်သူ့စည်းစိမ်ဥစ္စာတွေ ခိုးယူတာ၊ အိုးအိမ်တွေကို မီးရှို့တာ၊ ဘာသာရေးအဆောက်အဦးနဲ့ ပြည်သူလူထုအဆောက်အဦးတွေ ဖျက်ဆီးဖြုတ်ယူတာတွေ လည်းရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။






