ကန္တာရဝတီတိုင်း(မ်)
ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့မှာ ဖရူဆို အရှေ့ဘက်ခြမ်းကို ဦးတည်စစ်ကြောင်းထိုးခဲ့တဲ့ စစ်အုပ်စုစစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ကြတဲ့ ကျေးရွာတစ်ရွာက ဒေသခံလူထုတွေဟာ ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ဒေါစော်ဗြေစစ်ရှောင်ထဲကို ရောက်ရှိလာပြီး အသစ်ရောက်နေတဲ့ အိမ်ခြေ ၅၈ အိမ်အတွက် ယာယီတဲအိမ်ဆောက်နေနိုင်ဖို့ အကူအညီလိုအပ်နေကြတယ်လို့ စစ်ဘေးရှောင် အမျိုးသား တစ်ဦးက ပြောပါတယ်။
“အဓိက အမိုးအကာ၊ အိမ်သာခွက်၊ ခြင်ထောင်တွေပေါ့၊ တကိုယ်ရည်သန်းရှင်းအတွက်ရော” လို့ စစ်ဘေးရှောင် အမျိုးသားတစ်ဦးက ဆိုပါတယ်။
ဒါ့အပြင် ဇွန်လ အစောပိုင်းမှာ ပညာရေးကျောင်းတွေ စတင်ဖွင့်လှစ်နေကြပြီဖြစ်ပေမဲ့ အသစ်ပြောင်းရွေးတဲ့ ကျောင်းသူ၊ကျောင်းသားတွေအတွက် ကျောင်းနေရာထိုင်ခင်းနဲ့ သင်ထောက်ကူပစ္စည်းတွေ လိုအပ်နေပါတယ်။
“အလုပ်ကလည်း တစ်ဖက်ဆိုတော့ နပန်းလုံးနေရတယ်၊ ကျောင်းကတော့ မဖွင့်လှစ်နိုင်သေးဘူး။ ကျောင်းဖွင့်နိုင်ဖို့က လိုအပ်ချက် ရှိနေတာပေါ့နော” ဟု သူက ဆက်ပြောပါတယ်။
ဖရူဆိုမြို့နယ်အတွင်း ဒေါစော်ဗြေ စစ်ရှောင်စခန်းကို အသစ်ရောက်ရှိလာတဲ့ စစ်ဘေးရှောင်ဟာ အိမ်ခြေ ၅၈ အိမ်ရှိပြီး ကလေးဦးရေ ၈၀ ဝန်းကျင် အပါအဝင် စုစုပေါင်း လူဦးရေ ၂၆၆ ဦးအထိ ရှိနေပါတယ်။






