spot_img
Homeသတင်းလွိုင်ကော်မြို့တွင်း သွားလာသူတွေရဲ့ ဖုန်းကို စစ်တပ်နဲ့ ရဲ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုတင်းကြပ် ၊ ညပိုင်း ဧည့်စာရင်း စစ်ဆေးမှုလည်း ရှိနေ

လွိုင်ကော်မြို့တွင်း သွားလာသူတွေရဲ့ ဖုန်းကို စစ်တပ်နဲ့ ရဲ ပူးပေါင်းအဖွဲ့က စစ်ဆေးမှုတင်းကြပ် ၊ ညပိုင်း ဧည့်စာရင်း စစ်ဆေးမှုလည်း ရှိနေ

-

CJ / ကန္တာရဝတီတိုင်း ( မ် )

စစ်အုပ်စု ထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့တွင်းမှာ သွားလာသူတွေရဲ့ ဖုန်း ၊ အိတ်၊ ဆိုင်ကယ် tools box တို့ကို စစ်တပ်နဲ့ ရဲ ပူးပေါင်းအဖွဲ့က စစ်ဆေးတင်းကြပ်မှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျနော် အပြင်သွားတော့ အိတ်လွယ်သွားမိတော့ သူတို့ သေချာ စစ်တယ် ဖုန်းတွေထဲလည်း စစ်တယ်။ ဖမ်းခံရတဲ့ ကလေး ၂ယောက် ရှိတယ်လို့တော့ ကြားတာပဲ ” လို့ စစ်တပ်နဲ့ ရဲ ပူးပေါင်းအဖွဲ့ရဲ့ စစ်ဆေးမှုကို မျက်မြင်ကိုယ်တွေ့ကြုံရတဲ့ မြို့ခံလူငယ်တဦးက ပြောပါတယ်။

စစ်ဆေးတွေ့ရှိပြီးနောက် မသင်္ကာပါက ဖမ်းဆီးမှုရှိနေတာကြောင့် မြို့တွင်း သွားလာတဲ့အခါ စိုးရိမ်ထိတ်လန့်နေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ လူတယောက်ဆိုရင် ၁၅ မိနစ်လောက်ကြာတဲ့အထိ စစ်တယ်။ အထူးသဖြင့် ယောကျ်ားတွေပေါ့။ စလော့ဂိမ်း ဆော့၊ မဆော့လည်း စစ်တယ် နိုင်ငံရေးနဲ့ပတ်သက်တာတွေကော ဖုန်းတွေယူစစ်တာ။” လို့ နောက်ထပ် မြို့ခံတဦးကလည်း ပြောပါတယ်။

တော်လှန်ရေးနယ်မြေကနေ လွိုင်ကော်မြို့တွင်းကို ပြန်လည်ရောက်ရှိလာတဲ့ လူငယ်တွေရှိနေကြောင်း စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားပြီးနောက် အခုလို စစ်ဆေးမှုတွေ တင်းကြပ်လာတယ်လို့ ဆိုပါတယ်။

အခုလို မြို့တွင်းသွားလာတဲ့အခါ စစ်ဆေးတင်းကြပ်မှုတွေအပြင် ညပိုင်းအချိန်မှာလည်း နေအိမ်တွေမှာ ဧည့်စာရင်းလာရောက်စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ည ၁၁လောက်လည်း ဧည့်စာရင်းလာစစ်ကြတယ်။ ရပ်ကွက်ထဲလည်း(နမ့်ဘော်ဝမ်) အရမ်းစစ်တယ် ။ အိမ်က မောင်လေးတွေကို စိတ်ပူလို့ ဟိုနားဒီနားတောင်မသွားခိုင်းရဲဘူး” လို့ နမ့်ဘော်ဝမ်ရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

လွိုင်ကော်မြို့တွင်းက နမ့်ဘော်ဝမ် ၊ ကြည်သာယာ၊ ပန်ကန်း စတဲ့ရပ်ကွက်တွေမှာ ဧည့်စာရင်းစစ်ဆေးတာ အများဆုံးဖြစ်ပြီး လူငယ်အမျိုးသားတွေကို ပိုမိုစစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ