spot_img
Homeဆောင်းပါး"မိုးရေနှင့်အတူ ရောက်လာတဲ့ စစ်ရှောင်စခန်း၏ စိန်ခေါ်မှုများ"

“မိုးရေနှင့်အတူ ရောက်လာတဲ့ စစ်ရှောင်စခန်း၏ စိန်ခေါ်မှုများ”

-

ကယ်ရိုလိုင်း / အလုပ်သင်သတင်းထောက် ( ကန္တာရဝတီတိုင်း(မ်) ) ရေးသားသည်။

“မိုးကာကတော့ မလုံမလောက်ဘူးပေါ့။ တခါတလေ သူများ(အလှူရှင်) ပေးတယ်။ ကိုယ်က မိုးထားပြီးဆိုတော့ ကြွက်က လာကိုက်ပေါက်။ ထမင်းကချက်တော့ မိုးက ရေယိုတယ်။”

ဖရူဆိုမြို့နယ်အတွင်းက စစ်ရှောင်အမျိုးသမီးတစ်ဦးက အခုလက်ရှိ စစ်ဘေးရှောင်တွေ ရင်ဆိုင်နေရတဲ့ အခြေအနေကို ပြောပြတာပါ။

နှစ်စဉ် နွေရာသီရောက်တိုင်း ရေရှားပါးမှုကို ရင်ဆိုင်နေရတဲ့ စစ်ရှောင်စခန်းတွေအတွက် မိုးရာသီဟာ သောက်သုံးရေနဲ့ အသုံးပြုရေ အခက်အခဲကို လျော့ပါးစေတဲ့ ရာသီတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မိုးရေနဲ့အတူ အမိုးအကာ မလုံလောက်မှု၊ ကျန်းမာရေးပြဿနာ၊ သွားလာရေး အခက်အခဲတွေကလည်း တပါတည်း ရောက်ရှိလာပါတယ်။

ဇန်နဝါရီလ ကနေ မေလအထိ ကာလဟာ ကရင်နီပြည်က စစ်ရှောင်စခန်းအများစုက နှစ်စဉ်ကြုံတွေ့နေရတဲ့ ရေရှားပါးတဲ့ အချိန်ဖြစ်ပါတယ်။ သောက်သုံးရေနဲ့ နေ့စဉ်အသုံးပြုရေတွေကို ငွေကြေးအကုန်အကျခံပြီး ဝယ်ယူအသုံးပြုရသလို တကိုယ်ရေသန့်ရှင်းရေးအတွက်လည်း အဝေးမှာရှိတဲ့ ရေတွင်း၊ ချောင်းတွေ ဆီကို သွားရောက်အသုံးပြုကြရပါတယ်။

ဒေသအလိုက် ရေရှားပါးမှုအပေါ်မူတည်ပြီး ရေကားကြီးတစ်စီးကို ကျပ် ၁၀၀,၀၀၀ ဝန်းကျင်အထိ ပေးဝယ်ရသလို ကားငယ်လီတာပုံးတစ်ပုံးကိုလည်း ကျပ် ၃၅,၀၀၀ ခန့်အထိ ပေးဝယ်နေရပါတယ်။ ရေစျေးနှုန်းတွေဟာ လမ်းပန်းဆက်သွယ်ရေးနဲ့ လောင်စာဆီစျေးနှုန်းအပေါ်မှာလည်း မူတည်နေပါတယ်။

“မိုးရာသီခါကျတော့ ကိုယ်ကနွေရာသီခံ တစ်ခွက်နှစ်ခွက် ကျန်တဲ့ဟာကို မိုးထပ်ရွာ ဖြည့်စွက်ပေးတော့ ရေကအခံဓာတ် ရှိတယ်။ အဲ့ဒါက ရေတစ်ခု‌တော့ စိတ်ပျော်သွားတယ်ပေါ့နော်။” လို့ ဖရူဆိုမြို့နယ်အတွင်းက စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

သို့ပေမဲ့ မိုးရေ ရရှိလာတာနဲ့အတူ စစ်ရှောင်တွေရဲ့ နေ့စဉ်ဘဝမှာ စိန်ခေါ်မှုအသစ်တွေ ရောက်ရှိလာပါတယ်။

စစ်ရှောင်တဲအများစုဟာ ဆောက်လုပ်ထားတာ နှစ်ရှည်ကြာလာပြီဖြစ်တာကြောင့် မိုးကာပေါက်ပြဲတာ၊ အမိုးယိုတာ၊ လေပြင်းတိုက်ခတ်ချိန်မှာ တဲလွင့်ပါသွားမှာ စိုးရိမ်ရတာတွေ ရှိနေပါတယ်။ တဲအိမ်အတွင်း သိုလှောင်ထားတဲ့ ဆန်အိတ်တွေ မိုးစိုမှာ စိုးရိမ်ရသလို လျှော်ထားတဲ့ အဝတ်အစားတွေ မခြောက်ဘဲ မှိုနံ့စွဲတာတွေလည်း ကြုံတွေ့နေကြရပါတယ်။

မိုးရာသီဟာ ကျောင်းဖွင့်ချိန်နဲ့လည်း တိုက်ဆိုင်နေတာကြောင့် ကလေးတွေရဲ့ ကျန်းမာရေးနဲ့ သွားလာရေးအတွက် ပိုမိုစိုးရိမ်ရတဲ့ ကာလ ဖြစ်ပါတယ်။ ကလေးတွေမှာ နှာစေး၊ ချောင်းဆိုး၊ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေ အဖြစ်များနေပြီး သက်ကြီးရွယ်အိုတွေမှာလည်း အအေးမိတာ၊ ကိုယ်လက်ကိုက်ခဲတာ၊ ရာသီတုပ်ကွေးဝေဒနာတွေ ခံစားနေကြရပါတယ်။

“ခြင်တွေ၊ ဖြုတ်တွေကြောင့်လေး ခြင်ထောင်ကလည်းမလုံ။ ခြင်ထောင်ကလည်း စုတ်နေပြီ။ ရေတော့ အဆင်ပြေပါရဲ့ ကျနော်တို့လိုမျိုး အသက်ကြီးတဲ့လူမျိုးပေါ့နော်။ အသက်ကလည်း ၆၀ ရှိပြီကော။ ကျန်းမာရေးက မကောင်းဘူးလေး။ ဒီ ငှက်ဖျား၊ တုပ်ကွေးလည်း ကြောက်ရတယ်။ သွေးတိုး ရောဂါတွေလည်း အများကြီးဖြစ်ကြတယ် ၆၀ အထက်ဆိုရင်။” လို့ စစ်ရှောင်အမျိုးသား တစ်ဦး က ပြောပါတယ်။

ကျန်းမာရေး ပြဿနာတွေအပြင် ဆေးဝါးမလုံလောက်မှုကလည်း စစ်ရှောင်စခန်းတွေရဲ့ နောက်ထပ် စိန်ခေါ်မှုတစ်ခု ဖြစ်နေပါတယ်။ ဒါ့အပြင် မိုးကြောင့် ထင်းတွေ စိုစွတ်သွားလို့ ချက်ပြုတ်ရေး အခက်အခဲတွေ ကြုံတွေ့နေရသလို စခန်းတွင်း လမ်းတွေပျက်စီးပြီး သွားလာရေး ခက်ခဲလာတာတွေလည်း ရှိနေပါတယ်။ ကျန်းမာရေး အရေးပေါ် ရင်ဆိုင်လာခဲ့အခါ သွားလာရေးအတွက် အခက်အခဲဖြစ်လို့ အသက်ဆုံးရှုံးခဲ့ရတာတွေကိုလည်း စစ်ဘေးရှောင်တွေ ရင်ဆိုင်ခဲ့ရတာတွေလည်း ရှိပါတယ်။

မိုးရေ ရရှိလာပေမဲ့ ရေသိုလှောင်ဖို့အတွက် လိုအပ်တဲ့ မိုးကာနဲ့ ရေပုံးတွေ မလုံလောက်တာကလည်း စစ်ရှောင်လူထုတွေအတွက် နောက်ထပ် ပြဿနာတစ်ခု ဖြစ်နေပြန်ပါတယ်။

“မိုးတွင်းမှာဆိုတော့ အဓိက က မိုးကာတွေပေါ့နော်။ တချို့ဆို ရေပိုသိုလောင်နိုင်ဖို့အတွက်ဆိုရင်တော့ မိုးကာတွေ လိုတဲ့သူတွေလည်း ရှိတယ်။ ဘာဖြစ်လဲဆို သူတို့ဒီမိုးတွင်းမှာပဲ ရေကို လှောင်ထားရတယ်ကော။ ဒီလှောင်ထားတဲ့ရေကို နွေရာသီမှာ ပြန်သောက်သုံးရတယ်။” လို့ စစ်ရှောင်အမျိုးသမီးတစ်ဦး က ပြောပါတယ်။
လက်ရှိမှာတော့ စစ်ရှောင်စခန်းတွေအတွက် အထူးလိုအပ်နေတဲ့ အကူအညီတွေက မိုးကာ၊ ခြင်ထောင်နဲ့ အခြေခံဆေးဝါးတွေပဲ ဖြစ်ပါတယ်။

မိုးရာသီဟာ စစ်ရှောင်စခန်းတွေအတွက် ရေဝယ်ယူရတဲ့ ကုန်ကျစရိတ်ကို လျော့နည်းစေပေမဲ့ တချိန်တည်းမှာပဲ အမိုးအကာ၊ ကျန်းမာရေးနဲ့ နေထိုင်မှုဆိုင်ရာ စိုးရိမ်ပူပန်မှုအသစ်တွေကို ယူဆောင်လာတဲ့ ရာသီတစ်ခုလည်း ဖြစ်နေပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ