spot_img
Homeသတင်းဒီးမော့ဆိုအနောက်ခြမ်းက ကျေးရွာတရွာကို စစ်အုပ်စု လေယာဉ်နဲ့ ဗုံးကြဲ

ဒီးမော့ဆိုအနောက်ခြမ်းက ကျေးရွာတရွာကို စစ်အုပ်စု လေယာဉ်နဲ့ ဗုံးကြဲ

-

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်း ၊ လွိုင်နန်းဖမြို့နယ်ထဲက ကျေးရွာတရွာကို ယမန်နေ့ ဇွန်လ ၂၄ ရက်နေ့ ည ၁၀ နာရီဝန်းကျင်အချိန်မှာ စစ်အုပ်စုက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

” ဆယ်နာရီ ၇မိနစ်မှာ။ လာတာနဲ့ တန်း ချတာကော။ လာတဲ့ချိန်ဆိုခါတိုင်းလိုမျိုးမဟုတ်ဘူးကော။ ခါတိုင်းဆို နည်းနည်းမြင့်တော့ သူ့ဖာသာ ဖြတ်သွားဖြတ်လာတော့ အဲ့လောက်မလန့်ဘူး။မနေ့က အသံမျိုးဆို နိမ့်နေသလိုမျိုးကော ဒီခါတော့ မဟုတ်တော့ဘူးထင်တယ်ဆိုပြီး ဘုရားစာတွေရွတ်ပြီး ရွတ်နေတုန်းပဲချသွားပြီ” လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။

စစ်အုပ်စုက လေယာဉ်နဲ့ တကြိမ် ဗုံးကြဲခဲ့တာဖြစ်ပြီး တောင်ထိပ်တနေရာကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါ တိုက်ခိုက်မှုကြောင့် လူထိခိုက်မှုမရှိပေမယ့် စစ်ဘေးရှောင်တွေရဲ့ တဲအိမ် ၊ စိုက်ခင်းတွေကို ဗုံးစ ထိမှန်ခဲ့ပါတယ်။

အခုလို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အရပ်သားတွေရှိတဲ့နေရာကို ဗုံးကြဲတာကြောင့် ‌စစ်ဘေးရှောင်နဲ့ အနီးနားက ဒေသခံတွေလည်း စိုးရိမ်နေကြပါတယ်။

“တော်တော်လန့်သွားတာပေါ့နော်။တော်တော်လေးတုန်သွားတယ် ကလေးတွေလည်း အိပ်ပျော်နေချိန်ဆို ကလေးတွေကိုလဲ ထထဆိုပြီး ပုန်းခိုကျင်း ဆင်းမယ်ပဲရှိသေးတယ်။ ကြဲချပြီးကော။ ပြေးဖို့တောင်မမှီဘူး” လို့ ကျေးရွာအနီးက စစ်ဘေးရှောင်တစ်ဦးက ပြောတယ်။

မနေ့က ဇွန်လ ၂၄ ရက် တနေ့တည်းမှာပဲ နေ့လည် ၁ နာရီဝန်းကျင်အချိန်မှာ စစ်အုပ်စုက ဒီးမော့ဆိုမြို့နယ် ၊ နန်းမယ်ခုံမြို့က ကျေးရွာတရွာကို ဒရုန်းနဲ့ဗုံးကြဲခဲ့ပြီး ကျောင်းနေအရွယ် ကလေးငယ်နှစ်ဦး ထိမှန်သေဆုံးခဲ့ရပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ