spot_img
Homeသတင်းရာသီဥတုမမှန်မှုကြောင့် နှမ်းစိုက်တောင်သူတချို့ရဲ့ နှမ်းပင်များ သေဆုံး

ရာသီဥတုမမှန်မှုကြောင့် နှမ်းစိုက်တောင်သူတချို့ရဲ့ နှမ်းပင်များ သေဆုံး

-

ကန္တာရဝတီတိုင်း(မ်)

ကရင်နီပြည်က နှမ်းစိုက်ဧရိယာတချို့မှာ ရာသီဥတု မမှန်မှုကြောင့် နှမ်းစိုက်တောင်သူတွေရဲ့ နှမ်းပင်တွေ သေဆုံးမှုတွေရှိတယ်လို့ တောင်သူတွေဆီကနေ သိရပါတယ်။

မိုးမရွာသွန်းတာကြောင့် ပေါက်ပြီးသားအပင်တွေ သေဆုံးမှုရှိတဲ့အကြောင်းကို ဆိုမိုဖေစိုးလေး(ခေါ်) ရှားတောမြို့က တောင်သူတဦးကပြောပါတယ်။

“ နေကနေ့တိုင်းပူတော့နှမ်းခင်းတွေက မခံနိုင်တော့ဘူးလေ။ သေကုန်တယ် အများကြီးပဲ ပေါက်ပြီးသားအပင်တွေ။”လို့ သူက ပြောပါတယ်။

အလားတူ ပါလောင်းကျေးရွာဖက်မှာလည်း အခုလို နှမ်းပင်တွေ သေဆုံးမှုရှိတယ်လို့ အဆိုပါ တောင်သူတဦးက ဆက်ပြောပါတယ်။

“အဲ့ဖက် သွားလည်ရင်းနဲ့ သွားကြည့်တာ သွားတွေ့တာ တော်တော်များများ နှမ်းတွေသေကုန်တာ။ ပါလောင်းတို့ဖက်က။သူတို့လည်း ပြန်စိုက်ရမှာပဲထင်တယ် အဲ့အခြေအနေက။”လို့ သူကဆိုပါတယ်။

စားဝတ်နေရေးအတွက် နှစ်စဥ် နှမ်းကို အဓိက စိုက်ပျိုးလုပ်ကိုင်ကြတဲ့ တောင်သူတွေအတွက် အခုလို နှမ်းပင်သေတာက ဆုံးရှုံးမှုဖြစ်စေတယ်လို့ ဆိုပါတယ်။ နောက်တကြိမ် ထပ်မံစိုက်ပျိုးရတာကြောင့် ကုန်ကျစရိတ်များတာ ၊ အသီးအထွက်ကျန့်ကြာတာ၊ မျိုးစေ့ကုန်ကျတယ်လို့ ဒေသခံ တောင်သူတွေက ပြောပါတယ်။

နှမ်းပင်သေဆုံးမှု များတဲ့ ဆိုမိုဖေစိုးလေးမှာတော့ လက်ရှိအချိန်ထိ မိုးရွာသွန်းမှု မရှိသေးတာကြောင့် နှမ်း ပြန်လည်စိုက်ပျိုးတာတွေ မလုပ်သေးဘူးလို့ ‌ဒေသခံတောင်သူတွေ ဆီကနေ သိရပါတယ်။

နှမ်းကို အဓိက စိုက်ပျိုးကြတဲ့ ဒီးမော့ဆိုအရှေ့ခြမ်းက ပွန်ချောင်းဖက်မှာလည်း ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် နှမ်းပင်သေဆုံးခဲ့ပြီး အသစ်ပြန်လည်စိုက်ပျိုးတာတွေ လုပ်ဆောင်ခဲ့ရပါတယ်။

“နှမ်းက မိုးတောက်လျှောက်ရွာရင်လည်း နှမ်းပင်ပျက်ကုန် သေကုန်တယ်။ နေတအားပူပြန်တော့လည်း သေတယ်။ အရင်တလော တောက်လျှောက်မိုးရွာတော့ နှမ်းပင်တွေပျက်တယ်လေ။ ဒါပေမဲ့ မြေပဲလည်း စိုက်ကြတော့ မြေပဲ အတွက်က မိုးလိုပြန်ရော။ နှမ်းပင်အတွက် နေတောက်လျှောက်ပြန်ပူပြန်ရင်လည်း နေပူဒဏ်မခံနိုင်ပဲ နှမ်းတွေ သေတာလည်း ရှိတယ်။”လို့ ဒီးမော့ဆိုအရှေ့ခြမ်းက ဒေသခံတဦးက ပြောပါတယ်။

ဒီးမော့ဆို ၊ ဆိုမိုဖေစိုးလေး(ရှားတော) ၊ လွိုင်ကော် ၊ ဘောလခဲမြို့နယ်အတွင်းမှာ ဒေသခံတောင်သူအများစုဟာ စားဝတ်နေရေးအတွက် နှမ်းကို စီးပွားဖြစ်စိုက်ပျိုးကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က နှမ်းဈေးတစ်ပိဿာ အနည်းဆုံး ၁၃၀၀၀ ကျပ်ထိ ပေါက်ဈေးရှိခဲ့ပြီး နေရာဒေသအလိုက် ဈေးနှုန်းကွာခြားနိုင်တယ်လို့ နှမ်းစိုက်တောင်သူတွေရဲ့ပြောဆိုချက်အရ သိရပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ