ကန္တာရဝတီတိုင်း(မ်)
ငှက်ဖျားရောဂါအဖြစ်များတဲ့ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းက ကျေးရွာတနေရာမှာ ဆေးဝါးမလုံလောက်မှုတွေ ကြုံတွေ့နေရပြီး ဆေးဝါးသယ်ယူရေးအခက်ခဲတွေကြောင့် ငှက်ဖျားလူနာတွေကို ဆေးဝါးချေးငှားပြီး ကုသပေးနေရတယ်လို့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ စေတနာ့ဝန်ထမ်းတဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။
ငှက်ဖျားရောဂါဖြစ်ပွားသူအတွက် ဆေးဝါး လှူဒါန်းပေးတဲ့ အဖွဲ့အစည်းတချို့ရှိပေမယ့် လမ်းပန်းဆက်သွယ်ရေးအခြေအနေကြောင့် ဆေးဝါးရောက်လာမှု ကြန့်ကြာတာတွေ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် လိုအပ်တဲ့ ဆေးဝါးကို နီးစပ်ရာကနေ ချေးငှားယူပြီး ကုသပေးရတယ်လို့ ပြောပါတယ်။
“ ကျမတို့အရှေ့ဖက်ခြမ်းမှာက အနောက်ဖက်ခြမ်းကနေ ပို့ရတယ်။ နောက်ခြမ်းကနေ ပို့ရတော့ လမ်းပန်းဆက်သွယ်ရေးက ခက်ခဲတော့ တပတ်လောက် ရောက်ရမယ့်ဟာကို တစ်လနေမှ ရောက်တယ်။ လမ်းပန်းဆက်သွယ်ရေးကြောင့်မလို့ ဖြစ်တယ်ပေါ့နော်။ အဲ့ဒါ ရွာမှာက ဆေးကုန်ရင် အခြားရွာ သွားချေးရတယ်။ အခုလည်း သွားချေးထားတယ်။ အကယ်၍ ဆေးပြန်ရောက်လာရင်တော့ ပြန်သွားဆပ်လို့ရတယ် အဲ့လိုမျိုးပေါ့နော်။ အဲ့လို အဆင်ပြေအောင်ပဲ လုပ်ရတာပေါ့။” လို့ ကျန်းမာရေး စေတနာ့ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။
ငှက်ဖျားရောဂါဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်းမှာ စတင်အဖြစ်များလာတယ်လို့ ဆိုပါတယ်။ တလတာအတွင်း ငှက်ဖျားရောဂါ လက္ခဏာနဲ့ လာရောက် ပြသသူ ၅၀ ဝန်းကျင်ရှိခဲ့ပြီး အဲ့ဒီထဲ ငှက်ဖျားပိုးတွေ့ရှိသူ ၁၃ ဦး ရှိတယ်လို့ အဆိုပါ စေတနာ့ဝန်ထမ်းတဦးက ဖြည့်စွက်ပြောဆိုထားပါတယ်။
ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းက ကျေးရွာ ၊ စစ်ရှောင်စခန်းတချို့မှာလည်း ငှက်ဖျားရောဂါ အဖြစ်များနေကြတာဖြစ်ပြီး ငှက်ဖျားဖြစ်ပွားမှုမှ ကာကွယ်ပေးနိုင်တဲ့ ခြင်ထောင်တွေ လိုအပ်နေတယ်လို့ ကျေးရွာတာဝန်ရှိသူတဦးက အခုလိုပြောပါတယ်။
“ခြင်ထောင် မရှိကြဘူး ခြင်ထောင်လိုအပ်ကြတယ် ဒီမှာက ခြင်ထောင်လာပေးတာမျိုးလည်းမရှိဘူး။ အခုတော့ ခြင်ထောင်အတွက် အထက်ကို တင်ပြထားတာတော့ရှိတယ်။ မရသေးတာ။ ခြင်ထောင်ထောင်အိပ်နိုင်ရင်တော့ အလုပ်မသွားရလည်း ကြိုတင်ကာကွယ်ပေးတာပေါ့။ ပြောလို့မရဘူးလေ အခုမဖြစ်ကြသေးတဲ့သူတွေလည်း။”လို့ ကျေးရွာတာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
ဆေးခန်းကို လာရောက်ပြသပြီး ငှက်ဖျားပိုးတွေ့ရှိသူတွေဟာ ခရီးသွားလာသူတွေ ၊ တောတောင်ထဲမှာ အလုပ်သွားလုပ်သူတွေအဖြစ်များတာ တွေ့ရတယ်လို့ အဆိုပါ စေတနာ့ဝန်ထမ်းတဦးက ဆက်ပြောပါတယ်။
“ငှက်ဖျားက အဓိက ခြင်ကနေ ဖြစ်တာလေ။ ခြင်ကနေ ဖြစ်တော့ အဓိက တောင်ယာသွားတာတို့ အဝေး ခရီးသွားသူတော်တော်များများတော့ အဲ့ကနေ ပြန်လာပြီးတော့ ခြင်ကိုက်ခံရတာ ပြန်ဖြစ်တဲ့လူများတယ်။ “လို့ သူက ဆိုပါတယ်။
အဆိုပါ ငှက်ဖျားပိုးတွေ့ရှိသူတွေထဲ အသက် ၂၀ နှစ်ကနေ ၆၀ နှစ်အတွင်း အများစုဖြစ်ပြီး အမျိုးသမီးဦးရေထက် အမျိုးသားဦးရေ က ပိုများတယ်လို့ ဆိုပါတယ်။






