ကန္တာရဝတီတိုင်း(မ်)
ဇူလိုင်လ ၂ ရက်နေ့ကစလို့ စတားလင့်အင်တာနက် အကောင့်တချို့ကို ကုမ္ပဏီဖက်က ပိတ်သိမ်းလိုက်တာကြောင့် ကရင်နီက စတားလင့်စက်ပိုင်ရှင်တွေနဲ့ ဝန်ဆောင်မှုရယူသူတွေက စိုးရိမ်မှုမြင့်တက်နေတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ စတားလင့်ကို တရားဝင်အင်တာနက်ဝန်ဆောင်မှုအဖြစ် အသုံးပြုခွင့်မရှိသေးတဲ့အပြင် စတားလင့်ကုမ္ပဏီဖက်က Region block (နေရာဒေသ၊ နိုင်ငံအလိုက်ပိတ်ပင်) တဲ့ပုံစံမျိုးနဲ့ စတားလင့်စက်တွေကို အသုံးပြုခွင့် ကန့်သတ်လိုက်တာလို့ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာ စတားလင့်ဝန်ဆောင်မှုပေးသူတဦးက ပြောပါတယ်။
“စတားလင့်ဖက်က Region block(နေရာဒေသနိုင်ငံအလိုက်ပိတ်) တဲ့ပုံစံမျိုးနဲ့ စတားလင့်ကိုပိတ်တာပေါ့။ တချို့စတားလင့်တွေ မနေ့ကတည်း ပိတ်ခံသွားကြပြီ အလုံးရေတော့ အရမ်းမများသေးဘူး။ နောက်ပိုင်း အခြေနေ ဘယ်လိုဖြစ်မယ်ဆိုတာတော့ စောင့်ကြည့်နေတာပေါ့” လို့ သူက ပြောပါတယ်။
စတားလင့်စက်အပိတ်မခံရခင် သုံးစွဲသူ အီးမေလ်းထဲကို အကြောင်းကြားစာဝင်လာပြီး နောက်ရက်မှာ ပိတ်ခံရတာဖြစ်တယ်လို့ စတားလင့်စက်ပိတ်ခံရသူတဦးကလည်း ပြောပါတယ်။
“စက်ဝယ်တာ (၂၈)ရက်နေ့ပေါ့။ (၂၉)ရက်နေ့က ဘေလ်ဆောင်တယ်။( ၃၀-၁) ထိက သုံးလို့ရတယ်။ အဲ့ဒါ (၂)ရက်နေ့ မနက် တော့ ဖွင့်သုံးတာကြည့်တာ မရတော့ဘူး” လို့ စတားလင့်စက် ပိုင်ရှင်တဦးက ပြောပါတယ်။
စတားလင့် စက်အပိတ်ခံရတဲ့အပေါ် စက်ပိုင်ရှင်တွေက ကုမ္မဏီဖက်ကို အကြံပြုစာတွေပေးပို့ နေကြတယ်လို့ ပြောပါတယ်။ ၂ ရက်အတွင်း ကရင်နီမှာ ခန့်မှန်းခြေ စတားလင့်စက် အလုံး(၂၀)ကျော် အပိတ်ခံရပြီလို့ ဝန်ဆောင်မှုပေးသူထံကနေ သိရပါတယ်။
စတားလင့်အင်တာနက်လိုင်းတွေ ပြတ်တောက်သွားရင် ကြုံတွေ့လာနိုင်တဲ့ အခက်အခဲနဲ့ပတ်သက်ပြီး ဒေသခံတဦးက အခုလို ပြောပါတယ်။
“လိုင်းပေါ်မှာလည်း တွေ့တဲ့အတိုင်းပဲ ကရင်နီက လမ်းပန်းဆက်သွယ်ရေးကအစ အဆင်မပြေမှုတွေ အများကြီးရှိတယ်။ လိုင်းသာထပ် ပျက်မယ်ဆိုရင် တော်တော် ဆိုးဆိုးဝါးဝါးခက်ခဲမှာပေါ့။ လိုင်းမရတော့ သတင်းတွေ အချက်အလက်တွေလည်း ဘာမှ သိရတော့မှာမဟုတ်ဘူး” လို့ ဒေသခံတဦးက ဆိုပါတယ်။
ဖုန်းလိုင်း ၊ အင်တာနက်လိုင်း ပြတ်တောက်နေတဲ့ ကရင်နီပြည်က တော်လှန်ရေးအင်အားစု ထိန်းချုပ်ရာနယ်မြေတွေမှာ လူထုဝန်ဆောင်မှုတွေ ၊ ငွေလွဲငွေထုတ် ၊ ဆက်သွယ်ရေးအတွက်ဖြစ်စေ စတားလင့်အင်တာနက်ကို အဓိက အသုံးပြုကြတာဖြစ်ပါတယ်။
ဇူလိုင်လ ၂ ရက်နေ့ကစလို့ ကရင်နီအပါဝင် မြန်မာပြည်တွင်းက စတားလင့်အသုံးပြုနေတဲ့ ဒေသတချို့မှာ “Region Restricted” အသိပေးချက် ပေါ်ပေါက်ကာ ဝန်ဆောင်မှု ကန့်သတ်ခံရမှုတွေ ဖြစ်ပွားခဲ့တယ်လို့ သုံးစွဲသူတွေနဲ့ ဝန်ဆောင်မှုပေးသူထံကနေ သိရပါတယ်။






