ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့တိုက်ခိုက်ဖျက်ဆီးမှုတွေကြောင့် ပြီးခဲ့တဲ့ ဇွန်လအတွင်း အရပ်သားနေအိမ်ပေါင်း ၃၅ လုံး ပျက်စီးခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့( KnHRG) ရဲ့ စာရင်းအရ သိရပါတယ်။
အဆိုပါ နေအိမ် ပျက်စီးမှုမှာတော့ ဒီးမော့ဆိုမြို့နယ်အတွင်း ပျက်စီးမှုအများဆုံး ဖြစ်ခဲ့တယ်လို့ KnHRG ရဲ့ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။
“လူထုနေအိမ်ကပျက်စီးတာက ဒီးမော့ဆိုမြို့နယ်မှာ ၁၉ လုံး အများဆုံး ၊ ပြီးတော့ ဖယ်ခုံမှာ ၁၁ လုံး ဒုတိယ များတယ်။ပြီး ဖရူဆို က ၅ လုံးပါတယ်။”လို့ KnHRG ရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
ဒါ့အပြင် စစ်အုပ်စုရဲ့ လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၃ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၁၇ ဦး ရှိခဲ့ပါတယ်။ တလအတွင်း လက်နက်ကြီးပစ်ခတ်မှု ၇ ကြိမ် ၊ လေကြောင်းတိုက်ခိုက်မှု ၁၄ ကြိမ် နဲ့ ဒရုန်းပစ်ခတ်မှု ၆ ကြိမ် ရှိခဲ့တယ်လို့ ဆိုပါတယ်။
နေအိမ် ပျက်စီးမှုအပြင် စိုက်ခင်း ၁၄ ခု၊ ယာဥ် ၅စီး၊ ဘာသာရေး အဆောက်အဦး ၁ လုံး နဲ့ ရေလှောင်ကန် ၃ ခုပါ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ မေလအတွင်းမှာလည်း စစ်အုပ်စုရဲ့ တိုက်ခိုက်ဖျက်စီးမှုကြောင့် နေအိမ်ပေါင်း ၈၅ လုံး ပျက်စီးခဲ့ပါသေးတယ်။ အဲ့ဒီထဲ အရပ်သားတွေနေထိုင်တဲ့ နေရာတွေထိ စစ်အုပ်စု စစ်ကြောင်းက ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးမှုတွေ ရှိခဲ့တာပါ။ ဒီကနေ့ ဇူလိုင်လ ၆ ရက်နေ့ KnHRG ရဲ့ စာရင်းအရ ဇွန်လအတွင်း စစ်အုပ်စုရဲ့ တမင်မီးရှို့ဖျက်ဆီးတာ၊ ခိုးယူတာတစ်ကြိမ်ရှိခဲ့တယ်လို့ ဆိုထားပါတယ်။






