ကန္တာရဝတီတိုင်း ( မ် )
ဒေသတွင်းနယ်မြေအခြေအနေကြောင့် ၃ နှစ်ကျော်ရပ်နားထားရတဲ့ လွိုင်ကော် – ရန်ကုန် လေကြောင်းခရီးစဉ်ကို ပြန်လည်ပြေးဆွဲတော့မယ်လို့ စစ်အုပ်စုလက်အောက်ခံ ပို့ဆောင်ရေးဝန်ကြီးဌာန ၊ ဒုဝန်ကြီး ဦးထွန်းလူက ဇူလိုင်လ ၈ ရက်နေ့ကပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော်မှာ ပြောဆိုသွားပါတယ်။
လွိုင်ကော်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ရွှေက ရပ်နားထားရတဲ့ ရန်ကုန်-လွိုင်ကော် အသွားအပြန် လေကြောင်းခရီးကို မည်သည့်အချိန်မှာ စတင်ပြေးဆွဲမလဲဆိုတာနဲ့ လက်မှတ်ဈေးနှုန်း မေးမြန်းမှုအပေါ် ပြန်လည်ဖြေကြားခဲ့တာပါ။
လွိုင်ကော်လေယာဉ်ကွင်းမှာ ခရီးသွားနားနေဆောင် ၊ လေယာဉ်ထိန်းချုပ်စင်တာ ၊ လေယာဉ်ပြေးလမ်း နဲ့ အရန်လျှပ်စစ်ဓါတ်အားပေးစက် ကောင်းမွန်နေတာကြောင့် မကြာမီပြန်လည်ပြေးဆွဲတော့မယ်လို့ ဦးထွန်းလူက ပြောပါတယ်။ နယ်မြေလုံခြုံရေးအရ ဆောင်ရွက်နိုင်တဲ့အနေအထားရှိပြီး မြန်မာ့အမျိုးသားလေကြောင်းလိုင်း (MNA) အား လေယာဉ်ဆင်းသက်ဖို့ အဆင့်သင့်ရှိနေတယ်လို့ ဆိုပါတယ်။
လွိုင်ကော်-ရန်ကုန် ၊ ရန်ကုန်-လွိုင်ကော် လေယာဉ်ခရီးသည်လက်မှတ်တစောင်ကို ၃၂၀၀၀၀ ကျပ်ဝန်းကျပ် ကျသင့်မယ်လို့လည်း ပြောပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် နှစ်လယ်ကစပြီး ဒေသတွင်း တိုက်ပွဲအခြေအနေကြောင့် လွိုင်ကော်-ရန်ကုန်လေယာဉ်ခရီးစဉ်ကို အကန့်အသတ်မရှိ ရပ်နားထားခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ လွိုင်ကော်မြိုတွင်းကို စစ်အုပ်စု အုပ်ချုပ်ရေးလည်ပတ်နေပြီး ဌာနဆိုင်ရာလုပ်ငန်းတွေ ၊ ကျောင်း ၊ ဆေးရုံ ၊ ဈေး၊ ကားဂိတ်ကိုလည်း ဖွင့်လှစ်ထားပေမယ့် မြို့တွင်းမှာတော့ တခါတရံ စစ်အုပ်စုက စစ်ဆေးတင်းကြပ်မှုတွေ ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။
“ ကျနော့်အမြင့်မှာတော့ လွိုင်ကော်-ရန်ကုန်လေဆိပ်တော့ ဖွင့်နိုင်ဖို့ လိုတယ် ကျန်းမာရေးကိစ္စဆို လမ်းခရီးကဝေးတာကိုး။ ဒါပေမယ့်လည်း ဖွင့်ဖို့ကြတော့လည်း မလွယ်ဘူးထင်တယ်။ ဘာလို့ဆို လေယာဉ်ကွင်းကောင်းတယ်ဆိုရုံနဲ့ Safe ဖြစ်သွားတာမဟုတ်ဘူးလေ။ ပြည်သူတွေကလည်း လိုက်စီးရဲဖို့မလွယ်သလို လေယာဉ်ကလည်း အမြဲပျံသန်းပြေဆွဲနေဖို့ မလွယ်လောက်ဘူးထင်တယ်။”လို့ မြို့ခံတဦးက သုံးသပ်ပြောပါတယ်။
လွိုင်ကော်လေဆိပ် လေယာဉ်ပြေးလမ်းမှာ အရှည် ၇၀၀၀ ပေ ၊ အကျယ် ၇၅ ပေ ရှိတယ်လို့ ပြောထားပြီး လေယာဉ်ဆင်းသက်ဖို့အတွက် နေ့စဉ် နံနက် ၆ နာရီကနေ ညနေ ၅ နာရီထိ လေယာဉ်ကွင်းကို ဖွင့်လှစ်ထားတယ်လို့ ပို့ဆောင်ရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ် အစောပိုင်းကာလအထိ လွိုင်ကော်-ရန်ကုန်ခရီးစဉ်ကို မြန်မာအမျိုးသားလေကြောင်းလိုင်း နဲ့ အဲကမ္ဘောဇလေကြောင်းလိုင်းတို့ အပတ်စဉ်ပြေးဆွဲခဲ့တာဖြစ်ပါတယ်။






