spot_img
Homeသတင်းမိုးကာလရောက်နေပေမယ့် သောက်သုံးရေမလုံလောက်လို့ စစ်ဘေးရှောင်တွေ ရေဝယ်သုံးနေရ

မိုးကာလရောက်နေပေမယ့် သောက်သုံးရေမလုံလောက်လို့ စစ်ဘေးရှောင်တွေ ရေဝယ်သုံးနေရ

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက စစ်ဘေးရှောင်စခန်းတွေနဲ့ ကျေးရွာတချို့မှာ မိုးရေကို သိုလှောင်အသုံးပြုနေပေမယ့် ချက်ပြုတ်စားသောက်ရေးနဲ့ သောက်သုံးရေ အတွက် ရေလုံလောက်မှုမရှိတာကြောင့် ရေကို ဝယ်ယူအသုံးပြုနေရဆဲဖြစ်တယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။

စစ်ဘေးရှောင်စခန်း ၄ ခုနဲ့ ကျေးရွာ ၄ ရွာမှာ ရေရှားပါးတဲ့ နွေရာသီကတည်းက စတင်ပြီး လက်ရှိ မိုးတွင်းကာလအထိ သောက်သုံးရေကို ဝယ်ယူအသုံးပြုနေရဆဲဖြစ်တယ်လို့ ဆိုပါတယ်။

“မိုးရွာတာလည်းရွာတယ် ဒါပေမယ့် ဖွဲပဲဖွဲတယ်။ချောင်းရေကိုသုံးမယ်ဆိုလည်း ချောင်းရေက တောင်ကျရေတွေ စီးလာတော့လည်း တော်တော်လေးကိုမကောင်းခါကျတော့ အဲ့ဒီမှာ ကျမတို့အတွက် စိန်ခေါ်မှုတခုဖြစ်သွားတယ်ပေါ့နော။ မိုးကြီးသွားရင်တော့ပိုကောင်းတာပေါ့။ ဝယ်ရတာသက်သာတာပေါ့”လို့ စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

စစ်ဘေးရှောင်စခန်းအနီးရှိ ချောင်းရေကို ရေချိုးတာ၊ အဝတ်လျှော်ဖွပ်တာကို နေ့စဉ် အသုံးပြုနေရပေမယ့် အရေပြားယားယံမှုတွေ ဖြစ်ပွားသူရှိတယ်လို့လည်း ပြောပါတယ်။

“ချွေတာရတယ်။အဝတ်လျှော်တာတောင်မှ နှစ်ရက်သုံးရက်မှ တခါလျှော်တယ်။ နောက်ဆုံးလျှော်တဲ့ရေကို ပြန်သိမ်းထားပြီးတော့ ဖိနပ်နဲ့ဆေးလို့ရရင်ဆေးတယ်၊ တခြားဟာနဲ့ဆေးလို့ရသေးတဲ့ဟာတွေကို လိုက်ဆေးရတယ်ပေါ့”လို့ စစ်ရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

မိုးရေကို သောက်သုံးရေအဖြစ် အသုံးပြုနိုင်ပေမယ့် ရေချိုးတာနဲ့ ကိုယ်လက်သန့်စင်ရေးအတွက် အသုံးပြုရတဲ့အခါ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေမှာ ခြေလက်ကိုက်ခဲတာ၊ ဖျားနာတာတွေ ဖြစ်တတ်တာကြောင့် ကျန်းမာရေးထိခိုက်လာမှာကို စိုးရိမ်ရတယ်လို့ သူက ဆိုပါတယ်။

သောက်သုံးရေအခက်အခဲ ကြုံတွေ့နေရတာကြောင့် စစ်ဘေးရှောင်တွေအတွက် ရေလှူဒါန်းပေးနိုင်မယ့် အလှူရှင်တွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။ လက်ရှိမှာ ရေကို ထော်လာဂျီစက်တစ်စီးလျှင် ကျပ် ၂၀,၀၀၀ နဲ့ ဝယ်ယူနေရပြီး ဓာတ်ဆီစျေးနှုန်း အတက်အကျပေါ်မူတည်ကာ ရေစျေးနှုန်းလည်း အပြောင်းအလဲရှိတယ်လို့ ဆိုပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ