Homeသတင်းဖရူဆိုအနောက်ခြမ်းမှာ ကြက်ဥ တစ်လုံး ၂၀၀၀ ကျပ်ပေးဝယ်ရ

ဖရူဆိုအနောက်ခြမ်းမှာ ကြက်ဥ တစ်လုံး ၂၀၀၀ ကျပ်ပေးဝယ်ရ

-

ကန္တာရဝတီတိုင်း (မ်)

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းက ကျေးရွာဒေသခံနဲ့ စစ်ရှောင်လူထုတွေ အတူနေထိုင်တဲ့ ဒေသတနေရာမှာ လက်ရှိ ကြက်ဥ တစ်လုံးကို ၂၀၀၀ ကျပ်ပေးဝယ်နေရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။

အဆိုပါ ဒေသက ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းကနေ ကုန်တင်သွင်းရတာဖြစ်ပြီး ကုန်စည်လမ်းကြောင်း အခက်အခဲကြောင့် ကုန်စျေးတွေ ထိုးတက်ရတာဖြစ်တယ်လို့ဆိုပါတယ်။ တချို့အရောင်းဆိုင်တွေမှာ ကြက်ဥ တစ်လုံးကို ၂,၅၀၀ ကျပ်ပေးဝယ်ရတယ်လို့ အရောင်းသမား အမျိုးသမီးတစ်ဦးက ရှင်းပြပါတယ်။

“သယ်ယူစရိတ်က အစ်မတို့က ဘယ်နှဖြတ်တောင်သယ်ရလဲဆို‌တော့ ပဆေးလာ ကနေ ဥပမာ ကြက်သွန်နီတစ်အိတ်ကို ၆ သောင်းခွဲဆိုလို့ရှိရင် ဖူးကရားခူ ဆိုတဲ့ ရွာမှာ ချတယ်။ အဲ့ဒီကို အစ်မတို့က လူနဲ့ထမ်းရင် လူတစ်ယောက်ကို ၆ သောင်းပေးရတယ်။ ထမင်းကျွေးတယ်။ ဖျော်ရည်တိုက်တယ်။ အဲ့ဒီကနေသူတို့ ထမ်းနိုင်တာဆိုရင် ကြက်သွန်နီတစ်အိတ်လောက်ပဲလေး။ ဒါဆိုရင် ကြက်သွန်နီ တန်ဖိုးက ၇သောင်းဆိုရင် ထမ်းခ ၆ သောင်းနဲ့ပေါင်းလိုက်တော့ အဲမှာ တစ်သိန်းကျော်သွားရော။ အဲတာနဲ့ စျေးကြီးရော။ အဲ့ဒါတစ်ဖြတ်ပဲရှိသေးတယ်။ အဲ့ဒီကနေပြီးတော့ လမ်းကောင်းတဲ့အထိ ဆိုင်ကယ်နဲ့တစ်ခေါက်ပြန်တင်လို့ရှိရင် အစ်မတို့အခုနေတဲ့ နေရာကိုရောက်လို့ရှိရင် ကြက်သွန်နီတစ်ပိဿာက တစ်သောင်းခွဲ ဖြစ်သွားရော။ ကြက်ဥလည်း အဲလိုပဲ။ အဲ့ဒါကြောင့် ၂၀၀၀ ဖြစ်သွားတာ” လို့ အဆိုပါ အမျိုးသမီးက ပြောပါတယ်။

အဆိုပါ ဒေသမှာ ကုန်စျေးနှုန်းတိုင်းက ပစ္စည်းဝယ်ယူရတဲ့ ဒီးမော့ဆိုအနောက်ခြမ်းထက် ၃ ဆ ဈေးမြင့်တက်နေတာလို့လည်း ပြောပါတယ်။ ဒီး‌မော့ဆိုမှာတော့ ကြက်ဥတစ်လုံး ၈၀၀ ကျပ်ပေးဝယ်ရတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။

သို့ပေမဲ့လည်း ဒီးမော့ဆိုကနေ သယ်ယူစရိတ်ကြောင့် ကြက်သွန်နီ ၁ ပိဿာ ၁၅,၀၀၀ ကျပ်၊ ကြက်သွန်ဖြူ ၂၀,၀၀၀ကျပ်၊ စားဆီ တစ်ပိဿာ ၃၀,၀၀၀ကျပ်၊ ဆား တစ်အိတ် ၉၅,၀၀၀ ကျပ်၊ အာလူး တစ်ပိဿာ ၂၀,၀၀၀ ကျပ်၊ ဆန်တစ်အိတ် ၂၈၀,၀၀၀ ကျပ်၊ ဓာတ်ဆီ တစ်လီတာ ၁၈,၀၀၀ ကျပ် အသီးသီးရှိကြပြီး ကုန်စိမ်းတွေတော့ မရောက်နိုင်ဘူးလို့ ဆိုပါတယ်။

“စျေးကြီးတော့လေး အရောင်းတော့ပါးတယ်။ ဒါပေမဲ့ အစ်မတို့ဖက်မှာ ကြက်ဥကို မတွေ့တာ ၂ လလောက်ရှိပြီဆိုတော့ တစ်လုံး ၂၀၀၀ ဆိုလည်း ကလေးတွေကို စားစေချင်တဲ့စိတ်နဲ့ဆိုတော့ ဝယ်ကြတာပဲလေး အမေတွေကတော့” လို့ စျေးအ‌ရောင်းသမား အမျိုးသမီးက ဆက်ပြောပါတယ်။

အဆိုပါဒေသမှာ ကျေးရွာဒေသခံ၊ စစ်ရှောင်လူထုတို့ အပါအဝင် လူဦးရေ ၃၀၀ ဝန်းကျင်ရှိပြီး ဟင်းသီးဟင်းရွက်အတွက် ရာသီပေါ် ဖရုံရွက်ကိုသာ စိုက်စားကြတယ်လို့လည်း ဆိုပါတယ်။

လက်ရှိ မိုးကာလ လမ်းပန်းဆက်သွယ်ရေးအခက်ခဲနဲ့ သယ်ယူစရိတ်ကြောင့် ကရင်နီပြည်က နေရာဒေသအသီးသီးမှာ စက်သုံးဆီဈေး၊ ကုန်ဈေးနှုန်း မြင့်တက်မှုတွေ ကြုံနေရတာဖြစ်ပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ