ကန္တာရဝတီတိုင်း(မ်)
စစ်အုပ်စုတပ်က ပြီးခဲ့တဲ့ မေလကတည်းက ဒီးမော့ဆိုမြို့အနီး၊ ဒေါငံခါးကျေးရွာဖက်ကို လက်နက်ကြီး၊ ဒရုန်း ၊ လေယာဉ်တွေနဲ့ သာလွန်အင်အားသုံး ထိုးစစ်ဆင်နေတာကြောင့် စစ်ရှောင်ရာကနေ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နိုင်ဖို့ နေရပ်ပြန်လာတဲ့ ကုန်းသာကျေးရွာခံတချို့ ထပ်မံ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
“ပြန်လာနေတာတော့များတယ်။ အိမ်ခြေတစ်ရာလောက်ရှိတယ်။ ဒီဖက်တကြောပေါ့။ နောက်အခုပြေးကုန်ပြီ။ အိမ်ခြေတရာကျော်လဲ။ သူတို့(စစ်အုပ်စု) ဒရုန်းတွေလဲချတယ်။ပြည်သူတွေဘာတွေသူတို့မသိဘူး” လို့ ကျေးရွာခံအမျိုးသားတဦးက ပြောပါတယ်။
စစ်ကြောင်းနီးလာတာအပြင်၊ စစ်အုပ်စုတပ် ပစ်ခတ်တဲ့ လက်နက်ကြီး၊ ဒရုန်းတွေ မကြာခဏ ကျေးရွာအတွင်း ကျရောက်နေတာကြောင့် ဩဂုတ်လ ပထမပတ်အတွင်းမှာပဲ တိမ်းရှောင်ရသူ များပြားလာတယ်လို့ သူက ဆက်ပြောပါတယ်။
ကျေးရွာခံတွေက မိမိတို့ရဲ့ အရေးကြီးပစ္စည်းတွေ၊ အသုံးအဆောင်ပစ္စည်းတွေ၊ ဆန်စပါးတွေကို သယ်ဆောင်ပြီး တိမ်းရှောင်နေရတာပါ။ ဒါ့အပြင် စိုက်ပျိုးထားတဲ့ ပြောင်းတွေကို အလောတကြီး ရိတ်သိမ်းနေရတယ်လို့လည်း ပြောပါတယ်။
အရေးပေါ် ထွက်ပြေးတိမ်းရှောင်ရတာဖြစ်လို့ အခြေခံ စားသောက်ကုန်တွေအပြင် မိုးကာလိုအပ်ချက်လည်း ရှိတယ်လို့ သိရပါတယ်။
ကုန်းသာကျေးရွာနဲ့ နီးစပ်တဲ့ ဒေါငံခါးကျေးရွာမှာ စစ်အုပ်စုတပ်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးဖို့ လှုပ်ရှားနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ မကြာခဏ ထိတွေ့တိုက်ပွဲဖြစ်ပွားနေတယ်လို့ သိရပါတယ်။







