ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းမှာ ဩဂုတ်လအတွင်း စစ်အုပ်စုတပ်က ဒရုန်းကင်းထောက်တာနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ခပ်စိပ်စိပ်လုပ်ဆောင်နေတာကြောင့် လုံခြုံရေးအရ စာသင်ကျောင်းတချို့ကို ယာယီပိတ်ထားရတယ်လို့ ကျောင်းတာဝန်ခံတွေက ပြောပါတယ်။
“ကျောင်းခဏတော့ ယာယီပိတ်ထားလိုက်တယ်။ ဗုဒ္ဓဟူးနေ့ကတည်းက ပိတ်ထားတာ” လို့ ကျောင်းဆရာတဦးက ပြောပါတယ်။
စာသင်ကျောင်းတွေကို ယာယီပိတ်ထားရတဲ့ အထက်တန်းကျောင်း ၁ ကျောင်းနဲ့ မူလတန်းကျောင်း ၄ ကျောင်းအထိ ရှိလာတယ်လို့ ဆိုပါတယ်။ ကလေးတွေရဲ့ ပညာရေးမထိခိုက်စေဖို့အတွက် အခြေအနေပြန်လည်ကောင်းမွန်လာရင် စာသင်ကျောင်းတွေကို ပြန်ဖွင့်နိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
“ဒီမှာတော့ ကျောင်းမပိတ်ဘူး။ တချို့နေရာတော့ ပိတ်တယ်။ ယာယီခဏပေါ့၊ စိုးရိမ်နေရတော့” လို့ ဒေသခံတဦးက ပြောပါတယ်။
ဩဂုတ်လအစောပိုင်းကတည်းက စစ်အုပ်စုတပ်ဟာ အရပ်သားတွေ တောင်ယာလုပ်ငန်းခွင်ဝင်နေတဲ့ စိုက်ခင်းတွေနဲ့ ကျေးရွာတွေဘက်ကို ဒရုန်းနဲ့ နေ့စဉ်ရက်ဆက် ကင်းထောက်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၅ ဦး ထိမှန်သေဆုံးခဲ့သလို ထိခိုက်ဒဏ်ရာရသူလည်းရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း နန်းမယ်ခုံမြို့နယ်မှာ စာသင်ကြားတဲ့နေရာအနီးကို စစ်အုပ်စုတပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေး ၂ ဦး သေဆုံးခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်နောက်ပိုင်း စာသင်ကျောင်းတွေမှာ စာသင်ကြားတာကို ရပ်နားပြီး နေအိမ်တွေမှာ နေ့တပိုင်း စာသင်ကြားခဲ့ရတယ်လို့ သိရပါတယ်။
အလားတူ ဩဂုတ်လ ၆ ရက်နေ့ကလည်း ဒီးမော့ဆိုမြို့နယ်တနေရာမှာ စာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာကြောင့် ကျောင်းဆောင်ပျက်စီးခဲ့ပြီး အနီးအနားက စာသင်ကျောင်း ၅ ကျောင်းထက်မနည်းကိုလည်း ယာယီပိတ်ထားခဲ့ရပါတယ်။
စစ်အုပ်စုတပ်က အရပ်သားတွေရှိတဲ့နေရာတွေ၊ စာသင်ကျောင်းအနီးအနားကို လေကြောင်း၊ ဒရုန်းနဲ့ လက်နက်ကြီးတွေ အသုံးပြုပြီး တိုက်ခိုက်မှုတွေ မကြာခဏလုပ်ဆောင်နေတာပါ။ လုံခြုံရေးအရ စာသင်ကျောင်းတွေ ယာယီပိတ်ထားရတာကြောင့် သင်ကြားရေးပိုင်းကို နှောင့်နှေးလာတယ်လို့ ကျောင်းဆရာ၊ ဆရာမတွေက ပြောဆိုကြပါတယ်။







