spot_img
Homeဆောင်းပါး“လမ်းရိုင်းပေါ်က အသက်နှစ်ချောင်း နှင်လာရတဲ့ခရီးကြမ်း”

“လမ်းရိုင်းပေါ်က အသက်နှစ်ချောင်း နှင်လာရတဲ့ခရီးကြမ်း”

-

ကန္တာရဝတီတိုင်း(မ်)

လွန်ခဲ့တဲ့ ၅ လ လောက်က ကျမ (ကန္တာရဝတီတိုင်း (မ်) သတင်းထောက်) သွားခဲ့တဲ့ ခရီးစဥ်က ပုံရိပ်တခုကို အခုချိန်ထိ ဖျောက်ဖျက်လို့မရသေးပါဘူး။ အဲ့ဒီတုန်းကတော့ ဒီးမော့ဆိုမြို့နယ် ကနေ မယ်စဲ့မြို့နယ်ဘက်ကို အလုပ်ခရီးနှင်ခဲ့တာပါ။ လမ်းခရီးတဝက်ကျော်လာပြီဖြစ်တဲ့ မော်ချီး-မယ်စဲ့ လမ်းပိုင်းမှာပဲ ဒီမြင်ကွင်းကို မြင်တွေ့ခဲ့ရတာပါ။

ကျမတို့ရဲ့ အရှေ့က Revo pickup turck ကားခေါင်းခန်းရဲ့ အပေါ်မှာ အမဲရောင်အင်္ကျီဝတ်ထားတဲ့ အမျိုးသားတယောက်လိုက်ပါစီးနှင်းလာပြီး သူ့ရဲ့ လက်ထဲမှာလည်း ဆေးပုလင်းကြီးကို လက်မြှောက်ပြီးကိုင်ထားပါတယ်။ အဲ့ဒီအမျိုးသားကိုင်ထားတဲ့ ဆေးပုလင်းကြီးကတော့ ကားနောက်မှာ လိုက်ပါစီးနှင်းလာတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးရဲ့လက်နဲ့ ချိတ်ဆက်ထားတာပါ။

အဲ့ဒီအမျိုးသမီးဟာ ခပ်နွမ်းနွမ်းထဘီတထည် ဝတ်ဆင်ထားပြီး ကိုယ်ဝန်ကလည်း ရင့်မာနေတဲ့ အနေအထားမျိုး တွေ့ရပါတယ်။ မီးဖွားခါနီးအခြေအနေ ဖြစ်နေဟန်တူတာမို့ သူမ က ကားဘေးအကာကိုမှီနေရင်း ခြေထောက်ကိုခွေထားပါတယ်။ သူမရဲ့မျက်နှာက အားပြတ်နေပုံပေါက်ပြီး လက်ကတော့ တဆစ်ဆစ် နာနေတဲ့ဗိုက်ကိုဖိရင်း နာကျင်မှုကိုအံကြိတ်ခံနေပါတယ်။ ကားထဲမှာ အမျိုးသမီးနဲ့ ဆွေမျိုးသားချင်း တော်စပ်ပုံပေါ်တဲ့ နောက်ထပ်အမျိုးသမီးကြီးတဦးနဲ့ ၇ နှစ်အရွယ် ကလေးငယ်တဦးလည်း လိုက်ပါလာပါတယ်။

သူတို့က မယ်စဲ့မြို့နယ် ဒါမှမဟုတ် မီးဖွားလို့ရတဲ့ ကျန်းမာရေးကုသမှု ပေးနိုင်တဲ့နေရာကို သွားနေတယ် ဆိုတာဧကန်မလွဲပါပဲ။ ဒီလိုပုံရိပ်က စစ်အာဏာသိမ်းပြီးတဲ့နောက် ကရင်နီမှာ စားရေး၊ သောက်ရေး ကအစ ဆေးဝါးကုသခွင့်အဆုံး အခွင့်အရေးအားလုံး ဆုံးရှုံးနေကြတယ်ဆိုတဲ့ သက်သေကို ထင်ဟပ် နေပါတယ်။

အဲ့ဒီတုန်းကတော့ ကျမ က ကရင်နီအလယ်ပိုင်း၊ ဒီး‌မော့ဆိုမြို့ကနေ အရှေ့တောင်ပိုင်းအရပ်က မယ်စဲ့မြို့ကို ခရီးလမ်းကူးဖို့အတွက်ပါ။ မြေပုံအရဆိုရင် ၉၉ မိုင် နီးပါး ရှည်လျားတဲ့ခရီးပါ။ ပြည်ထောင်စုလမ်းမကြီးကနေ သွားလာရင်တော့ ၅ နာရီ နီးပါး ကြာမယ့်ခရီးပါ။

ဒါပေမဲ့ အင်အား ၂၀၀ ဝန်းကျင်နဲ့ အာဏာသိမ်းစစ်တပ်က ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလမှာ ဖားဆောင်းမြို့ကို စစ်ကြောင်းထိုးပြီးတဲ့နောက် လွိုင်ကော်-ဒီးမော့ဆို-ဖားဆောင်း ပြည်ထောင်စု လမ်းမကြီးကို ထိန်းချုပ်ထားလိုက်တာဖြစ်လို့ ကျမရဲ့ ခရီးစဥ်က ၃ ရက် ကြာသွားခဲ့ပါတယ်။ အာဏာသိမ်းစစ်တပ်ကို ရှောင်ခွင်းရတာဖြစ်လို့ ခရီးကိုမြေပုံအရ ခန့်မှန်းရမယ်ဆိုရင် မိုင်ပေါင်း ၁၀၀ ဝန်းကျင် ကျော်သွားပါတယ်။

အခုလက်ရှိ ပဋိပက္ခကာလမှာ ခရီးသွားတွေအတွက် အချိန်ကတန်ဖိုးဖြတ်လို့မရတဲ့အရာ တခုပါ။ အချိန်အနည်းငယ်နောက်ကျလိုက်လို့ ဖြစ်လာနိုင်တဲ့ ခရီးစဥ်နှောင့်နှေးမှုတွေ၊ လုံခြုံရေးအန္တရာယ်တွေက ကြောက်စရာကောင်းလောက်အောင် ခန့်မှန်းလို့ လုံးဝမရပါဘူး။

ကျမတို့လို သာမန်လူတွေအဖို့တောင် ခန့်မှန်းရခက်တဲ့ခရီးက အသက်သေးသေးလေးတခုကို ဗိုက်ထဲမှာ သယ်ဆောင်ထားရတဲ့ အားပြတ်ခါနီး ကိုယ်ဝန်သည်အမျိုးသမီးတယောက်အတွက် အန္တရာယ် ပိုများနေမှာမဟုတ်ပါလား။

တောကြိုတောင်ကြားမှာ ခရီးဝေးကို ည ၁၀ နာရီအထိ အစွမ်းကုန်နှင်လာပြီး ညရောက်တော့ လမ်းဘေးက ကွပ်ပျစ်တခုပေါ်မှာ ကျမတို့ တညနားခဲ့ပါတယ်။ အမိုးမရှိ၊ အကာမရှိ အေးစိမ့်နေတဲ့ ရာသီဥတုအောက်မှာ အအေးဒဏ်ခံမိရင် အဖျားဝင်တတ်တဲ့ ကျမကတော့ အဲဒီနေ့မှာ ကံကောင်းခဲ့ပါတယ်။ ကျမ အဖျားမဝင်ခဲ့ပါဘူး။

သစ်ပင်ကြီးအောက်မှာ ကျမနဲ့အဖွဲ့သားတွေ အိပ်နေကြစဥ် မနက် ၅ နာရီ‌ဝန်းကျင်မှာ သစ်ရွက်ပေါ်က တဖြောက်ဖြောက်ကျလာတဲ့ နှင်း‌ပေါက်လေးတွေကြောင့် လန့်နိုးလာခဲ့ပါတယ်။ ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ မြူတွေအုံ့ဆိုင်းနေပါတယ်။ ကျမတို့ရဲ့ ကားဆရာကတော့ ကွပ်ပျစ်ဘေးမှာ မီးပုံ ဖိုရင်း၊ ဆေးလိပ် ဖွာနေရင်း ကျမတို့ နိုးအလာကိုစောင့်နေပါတယ်။

မတ်လ ၂ ရက်နေ့ရောက်တော့ ကျမတို့ခရီးကို မနက် ၆ နာရီမှာ စနှင်ခဲ့ကြပြန်ပါတယ်။ မယ်စဲ့မြို့ကို ရောက်ဖို့ဆိုရင် ဖားဆောင်းမြို့က သံလွင်မြစ်ကို မဖြစ်မနေ ဖြတ်ရပါတယ်။ ဖြစ်ချင်တော့ ခရီးစဥ် မတိုင်ခင် ရက်ပိုင်းအတွင်း ဖေဖော်ဝါရီ ၁၇ ရက်နေ့ မနက်ပိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တံတားကို မိုင်းခွဲဖျက်ဆီးလိုက်လို့ တံတားက သုံးမရတော့ပါဘူး။ သူတို့ကတော့ စစ်ရေး ဗျူဟာအရ မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ ပြောပါတယ်။ ဒါကြောင့် မြစ်ကူးဖို့ စက်လှေ သုံးရပါတယ်။

ဆေးပုလင်းသွင်းလျှက်သား ကိုယ်ဝန်ဆောင်အမျိုးသမီး လိုက်ပါစီးနှင်းလာတဲ့ ကားတစ်စီးကို ကရင်နီပြည်၊ ဖား​ဆောင်းမြို့နယ်၊ သံလွင်မြစ်တဖက်ကမ်းမှာ ၂၀၂၆ ခုနှစ်၊ မတ် ၂ရက်​နေ့က ​တွေ့ရစဥ်။

ခရီးစဥ်အတောအတွင်းမှာ နှစ်ဖက်စစ်ရေးတင်းမာမှုက ကျမတို့ရဲ့ တဘက်ခြမ်းမှာပဲ ရှိနေပါတယ်။ မြစ်နားမရောက်ခင်မှာ လက်နက်ကြီးကျသံကို ဂျိမ်းခနဲ ကြားခဲ့ရပါသေးတယ်။ စစ်ရေးအခြေအနေ ကြောင့်ရော၊ လမ်းခရီး မကြံ့ကြာစေဖို့အတွက်ပါ ကမ်းကူးဖို့ သံလွင်မြစ်နားကို မနက် ၁၀ နာရီမှာ အရောက်သွားရပါတယ်။

အဲဒီတုန်းက ကမ်းကူးခအတွက် ကားတစီးကို ၄ သိန်းကျပ်စီ ပေးရပါတယ်။ ကမ်းကူးဖို့အတွက် သက်သက်ပါပဲ။ တခြား ဘာလမ်းစရိတ်မှ မပါဝင်ပါဘူး။ နာရီဝက်လောက် တန်းစီစောင့်ပြီး ကျမတို့ကား ကမ်းကူးအလှည့်ရောက်တဲ့အချိန်မှာပဲ အဲဒီကိုယ်ဝန်ဆောင်အမျိုးသမီးတို့ လိုက်ပါလာတဲ့ ကားကို အရေးပေါ်ဆိုပြီး အရင်ကူးပေးလိုက်ကြပါတယ်။

သူတို့နဲ့တော့ ကျမစကားပြောခွင့် မရခဲ့ပါဘူး။ ကျမတို့နောက်မှာ ကမ်းကူးဖို့ တန်းစီစောင့်နေတဲ့ ကားတွေများလို့ လူတိုင်းက အလုပ်ကိုခပ်သွက်သွက်ပဲ လုပ်ကြရပါတယ်။ ဆေးကုသဖို့ ၊ ဒါမှမဟုတ် မီးဖွားဖို့ ကမ်းကူးကြတဲ့ လူအတော်များများက မော်ချီးဒေသက လူတွေဖြစ်နိုင်ချေများတယ်လို့ ကျမ ကောက်ချက်ချမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သတ္တုတွင်းကြောင့် နာမည်ကြီးနေတဲ့မော်ချီးဒေသမှာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျန်းမာရေးဝန်ဆောင်မှု အထူးတလည် ဘာမှမရှိပါဘူး။

သာမာန်ဖျားနာတဲ့လူတွေအတွက် ဆေးဝါးတချို့ရနိုင်ပေမဲ့ တခြားအရေးအပေါ် ဆိုင်ရာတွေအတွက် ဆေးကုပေးမယ့် ကျန်းမာရေးလုပ်သားတွေ၊ လိုအပ်တဲ့ပစ္စည်းကိရိယာတွေ မရှိဘူးလို့ ဒေသခံတွေက ကျမ ကို ပြောပြခဲ့ဖူးလို့ပါ။

ကိုယ်ဝန်ဆောင်မိခင် ပါလာတဲ့ကားက ကျမတို့ကားရဲ့ အရှေ့မှာပဲ တောင်ကုန်းကိုဖြတ်ပြီး လှုပ်ခါရမ်းခါ သွားနေပါတယ်။ သာမာန်လူ ကျမတောင် ကားရဲ့ လှုပ်ခါမှုကြောင့် ဗိုက်ထဲမှာ ဆူးခနဲ အောင့်လာတဲ့ ခရီးလမ်းမျိုးပါ။ ဗိုက်ထဲမှာ ကလေးလေးလွယ်ထားတဲ့ သူမသာဆို ဘယ်လောက်ထိ နာကျင်လိုက်မလဲလို့ တွေးမိပါတယ်။

ဒီလမ်းခရီးကို အကြိမ်ကြိမ်သွားလာဖူးတဲ့ ကျမ အဖို့ မွေးမိခင်ပါတဲ့ ခရီးသွားကားကို တွေ့တာဟာ ဒုတိယအကြိမ်ပါ။ ပထမတကြိမ် တွေ့ခဲ့တာတော့ တဘက်ကမ်းကနေ အဖြူရောင်ပိတ်စအနှီးနဲ့ ထုပ်ထားတဲ့ ကလေးကိုပိုက်ပြီး အိမ်ပြန်လာနေတဲ့မိခင်ပါ။ ဒီလိုဖြစ်စဥ်မျိုးက ကရင်နီပြည်မှာ ဘယ်လောက်တောင် များနေလိုက်မလဲ။

ပြည်နယ်ရဲ့ စစ်ရေးအခြေအနေ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲမှုတွေကြား မိခင်တွေက ကလေးမွေးဖို့ အခက်ကြုံကြရသလို၊ မိခင်ကျန်းမာရေးနဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ဆောင်မှုရယူနိုင်ဖို့ ခက်ခဲနေကြပါတယ်။

ဒီထက်ဆိုးရွားတဲ့ ဖြစ်စဥ်တွေလည်း ကရင်နီမှာရှိပါသေးတယ်။ ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့တုန်းက ကလေးမွေးဖွားပြီး သွေးထွက်လွန်တဲ့ ၃၅ နှစ်အရွယ် မိခင်တဦးဟာ ဆေးကုသခွင့် အချိန်မီမရခဲ့ပဲ သေဆုံးခဲ့ရပါတယ်။ သူမက‌ ဖရူဆိုမြို့နယ်တွင်းက ကျေးရွာတခုမှာ လက်သည်နဲ့မွေးခဲ့ပြီး အချင်းမကျ‌လို့ မီးဖွားပြီးသွေးသွန်ခြင်း (Postpartum Hemorrhage) ဖြစ်ပွားခဲ့တာပါ။

အဲဒီနောက် ရွာသားတွေက ဝါးလုံးတချောင်းပေါ်မှာ လုံချည်တထည်ကို ကျစ်ကျစ်ပါအောင်ချည်၊ သူမကိုဝင်အိပ်စေကာ မိုးမစိုအောင်မိုးကာနဲ့အုပ်ပြီး ဆေးကုသဖို့အတွက် ၂ နာရီကြာထမ်းပြီး ခြေလျင်နဲ့‌ ဆေးခန်းကိုပို့ဆောင်ခဲ့ကြပေမဲ့ ဆေးကုသမှုခံယူနေစဥ် သူမ ဟာ အသက်ဆက်မရှင်နိုင်ခဲ့ပါဘူး။

နောက်ထပ်တခု ရှိပါသေးတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့တုန်းကလည်း ကယောဒေသလို့ခေါ်ကြတဲ့ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ အမွှာကိုယ်ဝန်သည်အမျိုးသမီးတဦးဟာ ကလေးမွေးဖွားဖို့ ဆေးရုံကိုသွားခဲ့ပေမဲ့ လမ်းခုလတ်မှာပဲ မီးဖွားခဲ့ရပါတယ်။

နယ်မြေဒေသ အကွာအဝေးကြီးလွန်းနေတာရယ်၊ အင်တာနက်အသုံးပြုခွင့် မရကြတာကြောင့်ရယ် အဆိုပါမိခင်ကို အဆက်သွယ်ရဖို့ဆိုတာ ကျမတို့အတွက် ကြီးမားတဲ့စိန်ခေါ်မှုတခု ဖြစ်နေပါတယ်။
ဒီလိုဆေးဝါးကုသမှု အခက်အခဲတွေရဲ့ နောက်ကွယ်ကပြဿနာက ဘာဖြစ်နေမလဲ။ ဖယ်ခုံမြို့နယ် အတွင်းမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်း အမျိုးသမီးတဦးကို မေးကြည့်တဲ့အခါ သူမက
လမ်းပန်းဆက်သွယ်ရေးက အဓိကပြဿနာဖြစ်တယ်လို့ အခုလိုရှင်းပြသွားပါတယ်။

“အဲလိုသွားလာရ ခက်ခဲတယ်ဆိုတာ လုံးဝကြီးတော့မသွားဘူးဆိုတဲ့ဟာမျိုးတော့ မရှိဘူးပေါ့နော။ ဒါပေမယ့် သူတို့ကို ကျမတို့က ကားလိုက်ရှာခိုင်းတယ်။ ကားလိုက်ရှာခိုင်းပြီးတော့ (ကား) မပေးဘူး ဆိုတဲ့ဟာမျိုးတွေ ကြုံတွေ့ရတော့ ကျမတို့ကိုယ်တိုင် လိုက်ရှာပေးရတာမျိုးတွေ။ လူနာက ရှော့ရခါနီး ဖြစ်ပြီးတော့ ကျမတို့ကိုယ်တိုင် လိုက်ရှာရတာမျိုး၊ ပြေးလွှားပေးရတာမျိုး၊ အဲလိုမျိုးတွေပေါ့နော။ လုံးဝသွားလို့မရတဲ့ အခြေနေမျိုးလည်း မရှိပြန်ဘူးပေါ့နော။ သွားလို့မရလို့ လူနာသေသွားတယ် ဆိုတဲ့ဟာမျိုးလည်း မရှိပြန်ပါဘူးပေါ့နော။ အဓိက ကတော့ ကားငှားရတာခက်ခဲတာ တခုရယ်၊ ကားခ စျေးကြီးတာ တခုရယ်ပဲပေါ့” လို့ ပြောပါတယ်။

ဆေးခန်းငယ်လေးတွေမှာ ကိုယ်ဝန်လာအပ်လို့ ရက်ချိန်းပေးပြီး ကျန်းမာရေးစစ်ဆေးပေးတာကို လုပ်နိုင်ကြပေမဲ့ ကိုယ်ဝန်ပျက်ကျတာ၊ သွေးထွက်လွန်တာ၊ ခွဲစိတ်ဖို့လိုတာ စသဖြင့် ကိစ္စအဝဝကိုတော့ ဆေးခန်းငယ်တွေမှာ ကိုင်တွယ်လို့မရနိုင်ပါဘူး။ ဒါကြောင့်လည်း ကိစ္စကြီးတွေ ဖြစ်လာရင် မိခင်တွေက ခရီးရှည်ကို နှင်ကြရလေ့ရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် တနှစ်တာအတွင်း ကရင်နီမှာ မိခင်သေဆုံးမှု ၁ မှု၊ မွေးကင်းစ ကလေးသေဆုံးမှု ၂၄ မှု၊ ကိုယ်ဝန်ပျက်ကျခြင်း ၁၇၃ မှု ရှိခဲ့တယ်လို့ IEC ရဲ့ နှစ်ချုပ် အစီရင်ခံစာမှာ ဖော်ပြပါတယ်။

လမ်းပန်းဆက်သွယ်ရေးက အခက်အခဲတွေထဲကတခုလို့ဆိုပေမယ့် အစိုးရတွေကပါ ဖြေရှင်းဖို့ လိုနေတဲ့ကိစ္စတခု ထပ်ရှိပြန်ပါတယ်။ ဒါကတော့ ကျွမ်းကျင်လုပ်သားရှားပါးမှုနဲ့ စက်ပစ္စည်းကိရိယာ မလုံလောက်မှုပါ။

အမျိုးသမီးအရေး တက်ကြွလှုပ်ရှားတဲ့အဖွဲ့တခုဖြစ်တဲ့ ကရင်နီအမျိုးသမီးအစည်းအရုံး KNWO ကတော့ ကရင်နီမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝ မရရှိကြဘူးလို့ ဆိုပါတယ်။ ကျန်းမာရေးဝန်ဆောင်မှုပေးနေတဲ့ အစုအဖွဲ့တွေက အတတ်နိုင်ဆုံး ဝန်ဆောင်မှုတွေပေးနေကြပေမဲ့လည်း လမ်းပန်းဆက်သွယ်ရေးအခက်အခဲ၊ စစ်ရေးအခြေအနေ၊ ဆေးဝါးမလုံလောက်မှု၊ နေရာဒေသအလှမ်းဝေးမှုတွေကြောင့် အခက်အခဲတွေ ရှိနေတာပါ။

“ပြီးတော့ ဒီ mobile health (နယ်လှည့်ကျန်းမာရေး) နဲ့ ပတ်သက်တဲ့ လှုပ်ရှားမှုတွေ၊ အထူးသဖြင့် ဝေးလံခေါင်ဖျားတဲ့နေရာ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲလို့ ကျန်းမာရေးကုသမှု ခက်ခဲတဲ့နေရာကို ပိုပြီးတော့ အရောက်သွားဖို့ပဲ အဖွဲ့အစည်းတွေကလုပ်ဖို့ ၊ အဲဒါမှသာလျှင် သူတို့ရဲ့ကျန်းမာရေး စောင့်ရှောက်မှုတွေက ထိခိုက်နစ်နာဆုံးရှုံးမှုတွေက နည်းလာမယ်။” လို့ KNWOရဲ့ ဥက္ကဌ မော်ဖရေမြာ က ပြောပါတယ်။

စစ်အစိုးရ ထိန်းချူပ်နယ်မြေတခုဖြစ်တဲ့ လွိုင်ကော်မြို့ပေါ်မှာတော့ ‌ဆေးဝါးကုသမှုတွေရရှိနိုင်တဲ့ ကုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးကို အခုနှစ် ဇန်နဝါရီလကတည်းက ပြန်ဖွင့်လှစ်ထားပါတယ်။ ‌ဆေးရုံက ၂၀၂၃ ခုနှစ် ၁ လေးလုံး စစ်ဆင်ရေးကြောင့် ပိတ်ထားခဲ့ရတာပါ။

ကရင်နီမှာတော့ ပြည်နယ်တခုထဲမှာ အစိုးရနှစ်ခု ရှိနေပါတယ်။ တော်လှန်ရေးနယ်မြေမှာနေထိုင်ကြတဲ့ လူထုတွေအများစုကတော့ အာဏာသိမ်းအစိုးရက ဖွင့်လှစ်ထားတဲ့ ဆေးကုသရေးနေရာတွေဆီကို ဆေးသွားကုဖို့ဆိုတာ သူတို့အတွက် ကြီးမားတဲ့စိန်ခေါ်မှုတခုပါ။ ဒါကြောင့်လည်း အဲ့ဒီနေရာတွေဆီကို ဆေးသွားရောက်ကုသဖို့ မတွေးတောမိကြတော့ပါဘူး။

တဘက်မှာလည်း တော်လှန်ရေးအစိုးရဖြစ်လာတဲ့ ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ IEC လက်အောက်က ဆေးရုံဆေးခန်းတွေ၊ သူတို့နဲ့လုပ်ငန်းပူးတွဲလုပ်ဆောင်နေတဲ့ ဆေးရုံဆေးခန်းတွေမှာ ဒေသအလိုက်ဝန်‌ဆောင်မှုတွေပေးနေပေမယ့် တပြည်နယ်လုံးကိုတော့ လွှမ်းခြုံပြီးမပေးနိုင်သေးပါဘူး။

၂၀၂၆ ခုနှစ်ရဲ့ ပထမ ၆ လအတွင်းမှာ ခွဲစိတ်မွေးဖွားခဲ့တဲ့ ကိုယ်ဝန်ဆောင်မိခင် ဦးရေ ၄၉ ဦးနဲ့ ရိုးရိုး မွေးဖွားသူ ၄၂၅ ဦးကို ဝန်ဆောင်မှုပေးနိုင်ခဲ့တယ်လို့ IEC ကျန်းမာရေးဌာနက ၆ လပတ် အစီရင်ခံစာမှာ ပြောပါတယ်။ ဒါက ၆ လအတွင်း ကလေးမွေးဖွားသူ ၄၇၉ ဦး ရှိခဲ့တယ်ဆိုတာ ပြနေပါတယ်။

ဒီး​​မော့ဆိုမြို့က​နေ မယ်စဲမြို့သွားရာလမ်း​​ပေါ်မှာ ​ရေချောင်းဖြတ်​နေတဲ့ ကုန်ကား ၂ စီးကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှာ ​တွေ့ရစဥ်

ကိုယ်ဝန်ဆောင်မိခင်တွေက IEC ကျန်းမာရေးဌာန လက်အောက်က ပြည်သူ့ကျန်းမာရေးဌာနခွဲရဲ့ အခြေခံကျန်းမာရေးဝန်ဆောင်မှုတွေကို‌ နယ်မြေဒေသအလိုက် ရယူနေကြတယ်ဆိုပေမဲ့ အရေးပေါ် အခြေအနေအတွက် ဒေသတွင်း(မြို့နယ်တွင်း) မဟုတ်တဲ့တခြားဒေသဆီကို ကုသမှုခံယူဖို့ မဖြစ်မနေ လွှဲပြောင်းကြရတာ ဖြစ်ပါတယ်။

ကရင်နီမှာရှိနေတဲ့ ဒေါက်တာတဦးလည်းဖြစ်၊ IEC နဲ့ လုပ်ငန်းပူးတွဲဆောင်ရွက်နေသူလည်းဖြစ်တဲ့ ဒေါက်တာ လီလီ ကတော့ သူထိုင်နေတဲ့ဆေးခန်းမှာ မွေးလူနာတွေကို ခွဲမွေးတာအပြင် တခြားသော မိခင်ကျန်းမာရေးနဲ့ ပတ်သက်တဲ့အရေးပေါ်ဝန်ဆောင်မှုတွေ မပေးနိုင်သေးဘူးလို့ ဆိုပါတယ်။

“Facility (အဆောက်အဦး၊ ကရိယာ၊ အသုံးအဆောင်) ရော Human Resource (လူ့အရင်းအမြစ်) ရော ပေါ့နော။ ကျမတို့တွေက OG (သားဖွားမီးယပ်) နဲ့ ပတ်သက်တယ်လို့ရှိရင် လတ်တလောမှာ OG အထူးကုမရှိဘူး။ OG က အွန်လိုင်းကနေလှမ်း တိုင်ပင်ပြီးတော့ တာဝန်ယူပေးတယ်ပေါ့နော။
ပုံမှန်ကျမဆိုလို့ရှိရင် အထွေထွေကျန်းမာရေးဆရာဝန်ပေါ့နော။ အထွေထွေဆရာဝန်လယ်ဗယ်နဲ့ လုပ်နိုင်တဲ့ဟာဆိုရင် အကုန်လုံးလုပ်တယ်။ ဒါပေမယ့် ကိုယ်ဆုံးဖြတ်လို့မတတ်နိုင်တာဆိုလို့ရှိရင် ဆိုင်ရာဆိုင်ရာ အထူးကုတွေနဲ့တိုင်ပင်တယ်။ အဲ့လိုအပိုင်းတွေတော့ ရှိတယ်ပေါ့လေး။ တကယ်လို့သာ ဆိုင်ရာဆိုင်ရာ Specialist အထူးကုတွေက တထိုင်တည်းမှာရှိတယ်ဆိုလို့ရှိရင်တော့ Service (ဝန်ဆောင်မှု)တွေ ပိုပြီးတော့ပေးနိုင်မှာပေါ့။” လို့ ပြောပါတယ်။

မတ်လ ၂ ရက်နေ့က သံလွင်မြစ်ဘေးမှာ ကျမတွေ့ခဲ့တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးက မော်ချီးဒေသက ဖြစ်နိုင်ချေ များပါတယ်။ မြေပုံအရဆိုရင် ကျမ တွေ့ခဲ့တဲ့မိခင်က ကရင်နီပြည်တွင်းမှာ ပဋိပက္ခ နယ်မြေတွေကြားမှာ မိုင်ပေါင်း ၅၃ မိုင်‌ဝန်းကျင် ဝေးလံတဲ့ ကုန်းတတန်၊ ရေတတန် ခရီးကိုနှင်ပြီး ကလေးငယ်ကို မွေးဖို့သွားနေရတာပါ။

ဒါပေမဲ့လည်း မပြီးဆုံးသေးတဲ့ တော်လှန်ရေးခရီး၊ အရှိန်ရနေဆဲ လက်နက်ကိုင် ပဋိပက္ခတွေကြားမှာ ကရင်နီကမိခင်တွေဟာ ဝမ်းထဲမှာကိုးလလွယ်ထားရတဲ့ ရင်သွေးရတနာကို လုံခြုံဘေးကင်းအောင် မွေးဖွားလာနိုင်ဖို့အတွက် ခရီးအရှည်ကြီးတွေကို နှင်နေကြရအုံးမှာပါ။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ