spot_img
Homeသတင်းလွိုင်ကော်မြို့တွင်းမှာ စက်သုံးဆီရရှိဖို့ တန်းစီစောင့်ဆိုင်းနေရပြီး အပြင်ပေါက်ဈေး ၅,၀၀၀ ကျပ်အထိ ရှိလာ

လွိုင်ကော်မြို့တွင်းမှာ စက်သုံးဆီရရှိဖို့ တန်းစီစောင့်ဆိုင်းနေရပြီး အပြင်ပေါက်ဈေး ၅,၀၀၀ ကျပ်အထိ ရှိလာ

-

CJ / ကန္တာရဝတီတိုင်း ( မ် )

အာဏာသိမ်းစစ်အစိုးရ ထိန်းချုပ်ထားတဲ့ လွိုင်ကော်မြို့တွင်းမှာ ဩဂုတ်လ ၁၅ ရက်နေ့ကစလို့ စက်သုံးဆီပြတ်လပ်မှုတွေ ဖြစ်ပေါ်နေပြီး ဆီဆိုင်တွေမှာ ဆီရရှိဖို့ တန်းစီစောင့်ဆိုင်းဝယ်ယူနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒီကနေ့ ဩဂုတ်လ ၁၉ ရက်နေ့အထိ ဆီဆိုင်တချို့မှာ တန်းစီဝယ်ယူနေရဆဲဖြစ်ပြီး တန်းစီစောင့်ဆိုင်းခဲ့ပေမယ့် ဆီမရရှိသူတွေလည်း ရှိတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

ပုံစာ – လွိုင်ကော်မြို့တွင်း၊ လောတမရပ်ကွက်က စက်သုံးဆီဆိုင်တနေရာမှာ ဒီကနေ့ မနက်ပိုင်းက တန်းစီစောင့်ဆိုင်းနေရစဉ် ( ဓါတ်ပုံ – ပေးပို့ )

“မြို့ ထဲမှာဆိုရင် တဆိုင်နဲ့ တဆိုင်တော့မတူဘူး။ အချို့ဆိုင်က ဆိုင်ကယ်ဆို ၅၀၀၀ နဲ့ ၁၀၀၀၀ ဖိုးပေးဖြည့်ပြီးတော့၊ ကားကတော့ ၃သောင်း ကနေ ၅သောင်းဖိုးအထိ ပေးဖြည့်တယ်” လို့ လွိုင်ကော်မြို့ခံလူငယ်တဦးက ပြောပါတယ်။

လက်ရှိမှာ 92 ဓာတ်ဆီတလီတာကို ၃,၉၅၀ ကျပ်နဲ့ 95 ဓာတ်ဆီတလီတာကို ၄,၁၉၀ ကျပ်ဝန်းကျင် ပေါက်ဈေးရှိတယ်လို့ သိရပါတယ်။ ဆီဆိုင်တွေမှာ ဆီရရှိဖို့ ခက်ခဲလာတာကြောင့် အပြင်ပေါက်ဈေးမှာတော့ ဓာတ်ဆီတလီတာကို ၅,၀၀၀ ကျပ်အထိ ရောင်းချကြတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စက်သုံးဆီရရှိဖို့ ဆီဆိုင်တွေမှာ တန်းစီစောင့်ဆိုင်းရတဲ့အပြင် ဆီရနိုင်တဲ့ဆိုင်ကို လိုက်လံရှာဖွေနေရတယ်လို့လည်း မြို့ခံတွေက ပြောပါတယ်။ ဆီဆိုင်တချို့မှာ ဆီရရှိမှုနည်းတာကြောင့် ဆိုင်ဖွင့်ချိန်နဲ့ ဆီရရှိမှုအပေါ်မူတည်ပြီး ဝယ်ယူရတဲ့အခြေအနေ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို စက်သုံးဆီရရှိမှုနည်းပါးလာတာဟာ မြို့အတွက် ခွဲတမ်းနဲ့ ရရှိတဲ့ စက်သုံးဆီပမာဏ နည်းပါးနေတာကြောင့် ဖြစ်တယ်လို့ ဆီဆိုင်ပိုင်ရှင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။

စက်သုံးဆီရရှိဖို့ အခက်အခဲရှိနေပြီး ဆိုင်ကယ်နဲ့ ကားအသုံးပြုသူတွေဟာ သတ်မှတ်ထားတဲ့ ပမာဏအတိုင်းသာ ဝယ်ယူရတာ၊ ဆီရနိုင်တဲ့ဆိုင်ကို လိုက်လံရှာဖွေရတာနဲ့ တန်းစီစောင့်ဆိုင်းရတာတွေ ကြုံတွေ့နေရပါတယ်။ ဆီပြတ်လပ်မှု ဆက်လက်ဖြစ်ပေါ်နေပါက သယ်ယူပို့ဆောင်ရေးစရိတ်နဲ့ ကုန်ဈေးနှုန်းတွေပါ ထပ်မံမြင့်တက်လာနိုင်တာကြောင့် ဒေသခံတွေအပေါ် သက်ရောက်မှုရှိလာနိုင်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

 

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ