ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်း၊ လွိုင်နန်းဖမြို့နယ်ထဲက အထက်တန်းစာသင်ကျောင်းတကျောင်းမှာ KG နဲ့ Grade – 1 ကျောင်းသားတွေ ရေကျောက်ဖြစ်ပွားသူများနေပြီး အတန်းကို ယာယီပိတ်ထားရတယ်လို့ ကျောင်းဆရာမတဦးက ပြောပါတယ်။
ဩဂုတ်လ ၁၅ ရက်နေ့ကစလို့ ရေကျောက်ရောဂါကူးစက်မှုတွေ စတင်ဖြစ်ပွားလာတာဖြစ်ပြီး ဆရာမနဲ့ ကျောင်းသားတွေပါ ဖြစ်ပွားလာကြတယ်လို့ ဆိုပါတယ်။
“ဆရာမတယောက်လည်း ကူးစက်ခံရတယ်။ တစ်ပတ်လုံး ကျောင်းမလာနိုင်ဘူး။ ရေကျောက်ပေါက်တဲ့ကလေးတွေကိုလည်း ကျောင်းမလာခိုင်းဘဲ အိမ်မှာပဲ နေခိုင်းတယ်” လို့ ကျောင်းဆရာမတဦးက ပြောပါတယ်။
မျက်နှာ၊ ကျောဘက်၊ လည်ပင်း နဲ့ လက်တွေမှာ ယာားယံစေတဲ့ အရည်ကြည်ဖုလက္ခဏာ ဖြစ်ပွားနေကြတယ်လို့ ဆိုပါတယ်။
အဆိုပါကျောင်းမှာ အတန်းတိုင်းလိုလို ရေကျောက်ဖြစ်ပွားနေတဲ့သူရှိပြီး KG တန်းမှာတော့ ကျောင်းသားဦးရေရဲ့ တဝက်ကျော်က ရေကျောက်ဖြစ်ပွားနေတာပါ။ လက်ရှိချိန်ထိ ရေကျောက်ဖြစ်ပွားတဲ့ ကျောင်းသား ၃၀ ဝန်းကျင်ရှိပြီး အသက် ၁၀ နှစ်အောက် ကလေးတွေမှာ ပိုဖြစ်ပွားနေတယ်လို့ ကျောင်းဆရာမက ပြောပါတယ်။
ရေကျောက်ဖြစ်ပွားမှုကြောင့် ကျောင်းမတက်နိုင်တဲ့ ကလေးတွေအနေနဲ့ ပညာရေးနောက်ကျမှုတွေ ရှိလာနိုင်ပေမယ့် ရောဂါသက်သာပြီး ကျောင်းပြန်တက်တဲ့အခါ ဆရာ၊ ဆရာမတွေက သင်ခန်းစာတွေကို ပြန်လည်ဖြည့်ဆည်း သင်ကြားပေးသွားမယ်လို့ ဆိုပါတယ်။
“အခုမှ ရေကျောက်စပေါက်တဲ့ ကလေးဆို တစ်ပတ်အတွင်းတော့ ပညာရေးက နောက်ကျအုံးမှာပဲ။လာရင်လဲတခြား လူကူးမှာလေ။မလာရင်လဲ စာနောက်ကျတယ်။ ဒါပေမယ့် နောက်ကျလဲ ဆရာမတွေကတော့ စာပြန်ပေးမယ်တော့ ပြောထားတာပေါ့” လို့ အဆိုပါ ကျောင်းဆရာမက ဆက်ပြောပါတယ်။
အဆိုပါကျေးရွာကို ကျန်းမာရေးအဖွဲ့တွေက တလတကြိမ် ကျန်းမာရေးဝန်ဆောင်မှုပေးနေသလို ရေကျောက်ဖြစ်ပွားသူတချို့ကလည်း နီးစပ်ရာဆေးခန်းတွေမှာ ဆေးကုသမှုခံယူနေကြပြီး သက်သာပျောက်ကင်းလာပြီလို့ ပြောပါတယ်။ ဒါပေမယ့် တချို့မှာတော့ ရောဂါမသက်သာသေးဘဲ ဆက်လက်ဖြစ်ပွားနေတယ်လို့ သိရပါတယ်။







