ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းက စစ်ရှောင်စခန်းရဲ့ စာသင်ကျောင်းတခုမှာ ကျောင်းလခတိုးမြှင့်ကောက်ခံလာတဲ့အပေါ် ငွေကြေးအခက်အခဲရှိနေတဲ့ ကျောင်းသားမိဘတချို့ဟာ သား/သမီးတွေကို ကျောင်းရပ်နားထားဖို့ စဉ်းစားလာရတယ်လို့ ကျောင်းသားမိဘတချို့က ပြောပါတယ်။
အဆိုပါစစ်ရှောင် စာသင်ကျောင်းဟာ ပြီးခဲ့တဲ့လတွေမှာ ကျောင်းသားတဦးအတွက် ကျောင်းလခကို တလ ကျပ် ၆,၀၀၀ ကောက်ခံခဲ့ပေမဲ့ ဩဂုတ်လကနေစပြီး ကျပ် ၈,၀၀၀ အထိ တိုးမြှင့်ကောက်ခံလာတယ်လို့ ကျောင်းသားမိဘတွေက ပြောပါတယ်။
စစ်ရှောင်နေရတဲ့အပြင် အလုပ်အကိုင်အခွင့်အလမ်းတွေ ရှားပါးနေတဲ့အချိန်မှာ တချို့မိသားစုတွေဟာ ကျောင်းလခကို ချေးယူပြီးပေးဆောင်နေရတာကြောင့်လည်း အခက်အခဲတွေတိုးလာတယ်လို့ မိသားစုအတွင်း ကျောင်းသား ၄ ဦး ရှိတဲ့ မိဘတဦး က ကန္တာရဝတီတိုင်း(မ်) ကို အခုလို ပြောပါတယ်။
“အလုပ်မရှိလို့။ အလုပ်တအားရှားပါးတော့ လစဉ်လစဉ် ကော်မတီကလည်း ဆရာမ မုန့်ဖိုးလာတောင်းရင် မပေးနိုင်ဘူးဆို ကျမတို့ မျက်နှာငယ်မလားဆို။ သူများဟာကြေကုန်ပြီး ကိုယ့်ဟာမကြေရင် ဆရာမတို့ ကိုယ့်နာမည်စာရင်း မှတ်ထားရင် မကောင်းဘူးလားလို့ ရှက်တယ်ဆိုတော့ အခုထွက်ခိုင်းမလားလို့” လို့ ကျောင်းသားမိဘတဦး က ပြောပါတယ်။
လစဉ်ပေးဆောင်နေတဲ့ ကျောင်းလခကိုတော့ ဆရာ၊ ဆရာမ တွေရဲ့ သင်ကြားရေးထောက်ပံ့ဖို့အတွက် သုံးစွဲနေရတာပါ။
အခုလို ကျောင်းလခမပေးဆောင်နိုင်ပဲ ကလေးတွေကို ကျောင်းရပ်နားထားဖို့ဖြစ်လာတာနဲ့ပတ်သက်ပြီး ဖြေရှင်းနိုင်မယ့်နည်းလမ်းကို ကြိုးစားနေတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ပညာရေးဌာန၊ အဆင့်မြင့်ပညာဌာနခွဲ၊ ညွှန်ကြားရေးမှူး ဒေါ်ခိုင်စုမွန် က ပြောပါတယ်။
“အဲ့ဒါတွေလည်း ကြားတယ်။ ဆရာ၊ ဆရာမတွေကို ကျမတို့ပေးတဲ့ မုန့်ဖိုးတွေကလည်း လုံလောက်မှုမရှိတာပေါ့နော်။ မရှိတော့ ကျောင်းဖက်ကလည်း ဆရာ၊ ဆရာမကို လက်မလွှတ်ချင်တာပေါ့။ လက်မလွှတ်ချင်တဲ့အတွက် ဆရာ၊ ဆရာမကို ရွာဖက်ကနိုင်အောင် ထောက်ပံ့တယ်ပေါ့။ အဲ့ဒီမှာ ကျောင်းကောက်ခံမှုတွေ တအားများလာတယ်ပေါ့။ အဲ့ဒီအပေါ်မှာတော့ ကျမတို့ စိတ်မကောင်းဘူး။ ဒါကိုဖြေရှင်းပေးဖို့လည်း ကြိုးစားနေတယ်။ ကျမတို့မှာလည်း ဒါကိုဘယ်လိုနည်းလမ်းနဲ့ ဖြေရှင်းနေပါတယ်ဆိုတဲ့ ကျမတို့ အတိကျ မပြောနိုင်တဲ့အတွက် စိတ်မကောင်းပါဘူး။” လို့ ဒေါ်ခိုင်စုမွန် က ပြောပါတယ်။
ကျောင်းပညာရေးအသုံးစရိတ်အတွက် ဘဏ္ဍာရေးအကန့်အသတ်ရှိလာတာကလည်း အခက်အခဲတခုဖြစ်တယ်လို့ ဒေါ်ခိုင်စုမွန်က ဆိုပါတယ်။ လက်ရှိမှာ ပြည်နယ်အတွင်း စစ်ရေးပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတဲ့အပြင် စီးပွားရေးအကျပ်အတည်းနဲ့ ငွေကြေးအခက်အခဲတွေကြောင့် အခြေခံဝန်ဆောင်မှုတွေ ပေးတဲ့နေရာမှာလည်း အခက်အခဲတွေ ရှိနေတယ်လို့ ဒေါ်ခိုင်စုမွန် က ဆက်ပြောပါတယ်။
ကျောင်းလခ တိုးမြှင့်ကောက်ခံရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စာသင်ကျောင်းတခုရဲ့ ကျောင်းကော်မတီဝင်တဦးကတော့ IEC ဘက်က ဆရာ၊ ဆရာမတွေအတွက် ထောက်ပံ့ပေးနိုင်တဲ့ ပမာဏလျော့နည်းလာတာကြောင့် မိဘတွေအပေါ် ကုန်ကျစရိတ် ပိုမိုကျရောက်လာတာ ဖြစ်တယ်လို့ ပြောပါတယ်။
“ IEC က ပေးတာ ဆရာ၊ ဆရာမ အကုန်မရတော့ဘူးပေါ့။ ဥပမာ လူဦးရေ (၂၀) ရှိရင် (၁၀)ယောက်၊ တဝက်ချိူးပဲ ပေးတော့တယ်။ IEC က အယောက်စီတိုင်း လတိုင်းပေးမယ်ဆို မိဘတွေ ပေးရမယ့်ဟာ နည်းနည်းသက်သာတယ်ပေါ့။” လို့ ကျောင်းကော်မတီဝင်တဦး က ပြောပါတယ်။
ဩဂုတ်လကနေစပြီး ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းရှိ စာသင်ကျောင်းတချို့တွေမှာ ကျပ် ၂,၀၀၀ ကနေ ၅,၀၀၀ အတွင်း တိုးမြှင့်ကောက်ခံမှုရှိလာတယ်လို့ ကျောင်းသားမိဘတွေဆီကနေ သိရပါတယ်။
ကန္တာရဝတီတိုင်း(မ်) ရဲ့ လက်လှမ်းမီမေးမြန်းထားတဲ့ အချက်အလက်တွေအရ ကျောင်းလခ တိုးမြှင့်ကောက်ခံလာတဲ့ စာသင်ကျောင်းတွေ ၁၀ ကျောင်းထက်မနည်း ရှိနေပါတယ်။
ကရင်နီပြည်တွင်းရှိ တော်လှန်ရေးအင်အားစုနယ်မြေတွေမှာ ကျောင်းပေါင်း (၄၇၀) ကျော်ရှိပြီး ကျောင်းသား၊ ကျောင်းသား လူဦးရေ ၅၇,၀၀၀ ကျော် ရှိတယ်လို့ IEC ရဲ့ စာရင်းအရ သိရပါတယ်။






