ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဟိုယာမြို့နယ်၊ ခေါဘာကျေးရွာနယ်နမိတ်အတွင်း နှစ်ပေါင်း ၃၀ နီးပါးကြာ အသေးစားခနောက်စိမ်းတူးဖော်မှုတွေကြောင့် ဒေသခံတွေရဲ့ စိုက်ပျိုးမြေဆုံးရှုံးမှု၊ အသက်မွေးဝမ်းကျောင်း ထိခိုက်မှုနဲ့ ရေအရင်းအမြစ်ညစ်ညမ်းမှုတွေ ဖြစ်ပေါ်နေတယ်လို့ သုတေသနစာတမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။
အဆိုပါ သုတေသနစာတမ်းကို အမျိုးသမီးသုတေသနစာတမ်းရှင် ၂ ဦးက ပြုစုရေးသားထားပြီး ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၂ ရက်နေ့က ကရင်နီကြားကာလ အုပ်ချုပ်ရေးကောင်စီ ပညာရေးဌာနရဲ့ ၃ နှစ်ပြည့် အထိမ်းအမှတ် အဆင့်မြင့်ဘာသာစုံ သုတေသနညီလာခံမှာ ဖတ်ကြားတင်ပြခဲ့ပါတယ်။
၂၀၀၀ ပြည့်နှစ်ကနေ ယနေ့အချိန်အထိ ခေါဘာကျေးရွာမှာ အသေးစားခနောက်စိမ်းတူးဖော်မှုတွေ ပြုလုပ်ခဲ့တာကြောင့် စိုက်ပျိုးမြေထိခိုက်ဆုံးရှုံးတာ၊ အသက်မွေးဝမ်းကျောင်း ထိခိုက်ပျက်စီးတာ၊ စားဝတ်နေရေး ခက်ခဲလာတာ၊ လျော်ကြေးရရှိမှု မညီမျှတာ၊ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးတာနဲ့ ဂေဟစနစ်အပေါ် အကျိုးသက်ရောက်မှုတွေကို အဆိုပါစာတမ်းမှာ လေ့လာဆန်းစစ်ထားပါတယ်။
“တောင်ယာမြေတွေက သတ္တုလုပ်ကွက်တွေဖြစ်လာတဲ့အတွက်ကြောင့်မို့လို့ စားဝတ်နေရေးအတွက် ခက်ခဲလာတာမျိုးတွေရှိတယ်။ ရေက အဆိပ်သင့်လာတဲ့အတွက်ကြောင့်မို့လို့ စိုက်ပျိုးရေးမှာ အသီးနှံအထွက်နှုန်းတွေ လျော့လာတာရှိတယ်။ တချို့သော လူတွေများဆိုလို့ရှိရင် မြေယာက ပါသွားတဲ့အတွက်ကြောင့်မို့လို့ တခြားသောလူတွေဆီမှာ မြေယာအငှားစားဘဝနဲ့ ရောက်သွားတာမျိုးတွေရှိတယ်ပေါ့နော” လို့ သုတေသနစာတမ်းရှင်က စာတမ်းဖတ်ပွဲမှာ ပြောကြားပါတယ်။
၂၀၀၀ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနဲ့ သိမ်းမျက်လုံးကုမ္ပဏီတို့က ခေါဘာကျေးရွာနယ် နမိတ်အတွင်းမှာ တစ်နှစ်ကို တန်ချိန်ပေါင်း ၁,၅၀၀၊ တစ်တန် ကျပ်ငွေ ၃၀၀,၀၀၀ နှုန်းနဲ့ ခနောက်စိမ်းတူးဖော်မှုကို နှစ်စဉ်ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အတွင်းမှာတော့ သိမ်းမျက်လုံးကုမ္ပဏီက ဆက်လက်တူးဖော်ခြင်း မရှိတော့ပေမဲ့ ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့ကတော့ တူးဖော်နေဆဲပဲလို့ ပြောထားပါတယ်။ စာတမ်းဖတ်ပွဲမှာတော့ ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့ရဲ့ အမည်ကို ထုတ်ဖော်ပြောဆိုထားတာ မရှိပါဘူး။
အာဏာသိမ်းပြီး ၅ နှစ်ကျော်အတွင်းမှာတော့ တစ်နှစ်ကို ခနောက်စိမ်းတန်ချိန် ၁၅၀ နှုန်းနဲ့ ထုတ်လုပ်နေကြပြီး တစ်တန်ကို ကျပ်သိန်း ၃၀ နှုန်းနဲ့ တူးဖော်မှုတွေ လုပ်ဆောင်နေကြဆဲလို့လည်း ပြောပါတယ်။
ခနောက်စိမ်းတူးဖော်မှုကြောင့် ဒေသခံတွေရဲ့ တောင်ယာမြေ အနည်းဆုံး ၁၅ ဧကကနေ ဧက ၅၀ အထိ ပျက်စီးဆုံးရှုံးသွားခဲ့ပြီး မြေပြိုမှုတွေလည်း ဖြစ်ပေါ်ခဲ့ရတယ်လို့ ဆိုပါတယ်။
နှစ်ပေါင်း ၃၀ နီးပါး အသေးစားခနောက်စိမ်းတူးဖော်မှုကြောင့် ခေါဘာကျေးရွာအုပ်စုအတွင်းရှိ မြစ်ချောင်းတွေထဲကို မြေစာ၊ သဲတွေ ပါဝင်စီးဆင်းလာပြီး ငါးရှားပါးမှုနဲ့ ရေအရင်းအမြစ်ညစ်ညမ်းမှုတွေ ဖြစ်နေတယ်လို့ သုတေသနစာတမ်းရှင်က ပြောပါတယ်။
“အဲလို သတ္တုတူးဖော်မှုတွေ များပြားလာတဲ့အချိန် နိုင်ငံတဝှမ်းမှာ တိုင်းရင်းသားတွေရဲ့ရိုးရာ အမဲလိုက်တဲ့နေရာတွေ ဖယ်ရှားခံရတာတွေ၊ စိုက်ပျိုးရေးနေရာတွေနဲ့ ဝိညာဉ်ရေးရာအလေ့အထ လုပ်နေတဲ့ နေရာတွေအပြင် သဘာဝပတ်ဝန်းကျင်နဲ့ပတ်သတ်ပြီးတော့ ရေအရင်းအမြစ် ညစ်ညမ်းလာတာတွေ၊ ယဉ်ကျေးမှုနဲ့ ပတ်သတ်ပြီးတော့ ရိုးရာအသိအမှတ်ပြုထားတဲ့ နေရာတွေ မရှိတော့တာမျိုး ဖြစ်လာတာ ကျမတို့တွေ့ရှိထားတယ်” လို့ စာတမ်းရှင်က စာတမ်းဖတ်ပွဲမှာ ပြောကြားပါတယ်။
လက်ရှိမှာတော့ ခနောက်စိမ်းတူးဖော်မှုက အရင်လုပ်ကွက်တွေမှာပဲရှိပြီး လုပ်ကွက်အသစ် မဖော်ကြတော့တာကြောင့် ပတ်ဝန်းကျင်ထိခိုက်နစ်နာမှုနဲ့ ဒေသခံလူထုရဲ့ ထိခိုက်နစ်နာမှုတွေက ပြီးပြီးသားဖြစ်လို့ ကိစ္စကို ပြန်မဖော်ချင်တော့ဘူးလို့ လုံခြုံရေးအရ အမည်မဖော်ပြတဲ့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။
“လောလောဆယ်တော့ သူတို့(လက်နက်ကိုင်တပ်ဖွဲ့) တွေ အကွက်သစ်၊ တောင်ယာသစ်တွေပေါ့နော အဲလိုမျိုးတွေ ပြန်ဝယ်တာမျိုးတော့ မရှိသေးဘူး။ အရင်က သူတို့ဝယ်ထားတဲ့ဟာအဟောင်းကိုပဲ သူတို့က ဆက်သုံးနေသေးတယ်ပေါ့နော။ တချို့အကွက်တွေ ဆိုလို့ရှိရင် သူတို့ရပ်နားထားတာမျိုး ရှိတယ်။ ဒါပေမဲ့ သူ့ဟာက သူတို့ လုပ်လိုက်နားလိုက် လုပ်လိုက်နားလိုက် အဲလိုပဲ ဖြစ်နေတော့ အဆင်ပြေရင် သူတို့ထလုပ်တယ်။ အဆင်မပြေဘူးဆိုလည်း သူတို့မလုပ်ရင်တောင်မှလည်း သူတို့ရဲဘော်တွေ ကင်းစောင့်ထားတာမျိုးတွေရှိတယ်ပေါ့နော” လို့ ပြောပါတယ်။
ယခင်တုန်းက ခနောက်စိမ်းတူးဖို့ ခြံတစ်ကွက်ကို ကုမ္ပဏီနဲ့ လက်နက်ကိုင်အဖွဲ့ဆီက ဆိုင်ကယ်တစ်စီးနဲ့ အလှဲအလှယ်လုပ်ခဲ့ရသလို တချို့ကလည်း ငွေကြေးရယူတာတွေရှိတယ်လို့ အဆိုပါဒေသခံအမျိုးသားတစ်ဦးက ဆက်ပြောပါတယ်။
ကရင်နီမှာ အကြီးစားသတ္တုတူးဖော်မှုအနေနဲ့ ဖားဆောင်မြို့နယ်၊ မော်ချီးဒေသက ခဲသတ္တုတူးဖော်မှု ရှိနေပြီး အသေးစားလုပ်ငန်းအတွက် ရှမ်း-ကရင်နီနယ်စပ်က မြင်းမထိတောင် ခဲသတ္တုတူးဖော်မှုအပြင် သံလွင်မြစ်ကမ်းဘေးရှိ ခနောက်စိမ်း နဲ့ ရွှေတူးဖော်မှု၊ ဟိုယာမြို့နယ်က ခနောက်စိမ်းတူးဖော်မှုတို့က လက်ရှိအချိန်ထိ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း ခနောက်စိမ်းတင်ပို့မှု တန်ချိန်ပေါင်း ၂၂၅ တန်ရှိတယ်လို့လည်း IEC ရဲ့ ၂၀၂၅ ဘဏ္ဍာရေးနှစ် တစ်နှစ်တာလုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ကြားကာလအုပ်ချုပ်ရေးအတွင်း အခုလို သတ္တုတူးဖော်မှုလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး မူဝါဒရေးဆွဲဖို့ ပြင်ဆင်တာကို တဖြည်းဖြည်းစတင်လုပ်ဆောင်နေပြီလို့ ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ IEC အတွင်းရေးမှူး ၂ ဦးဗညားက ပြောပါတယ်။ ဒါပေမဲ့ အသေးစိတ်ကိုတော့ မပြောထားပါဘူး။
အာဏာမသိမ်းခင်တုန်းက ကရင်နီပြည်ထဲမှာ အသေးစားခနောက်စိမ်းတူးဖော်မှု ခွင့်ပြုချက်လိုင်စင်ရထားတဲ့ ကုမ္ပဏီ ၁၀ ခုရှိခဲ့တယ်လို့ ဆိုပါတယ်။ အာဏာသိမ်းပြီးတဲ့နောက်မှာတော့ လိုင်စင်သက်တမ်းကုန်ဆုံးကြတာတွေလည်း ရှိကြတယ်လို့ သုတေသနစာတမ်းရှင်က ပြောပါတယ်။







