spot_img
Homeသတင်းKNPP မှာ ပထမဆုံးအကြိမ် အမျိုးသမီးအတွင်းရေးမှူးကို ခန့်ထားလာ

KNPP မှာ ပထမဆုံးအကြိမ် အမျိုးသမီးအတွင်းရေးမှူးကို ခန့်ထားလာ

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ လစ်လပ်တာဝန်တွေ ပြန်လည်ရွေးချယ်ခန့်အပ်ရာမှာ ပါတီရဲ့ ပထမဆုံးအမျိုးသမီးအတွင်းရေးမှူးအဖြစ် အတွင်းရေးမှူး (၂) နေရာမှာ မော်သဲမာကို ရွေးချယ်ခန့်ထားလိုက်ပါတယ်။

KNPP သမိုင်းတလျှောက်မှာ အမျိုးသမီးတဦးကို အတွင်းရေးမှူးအဖြစ် ရွေးချယ်တာ ပထမဆုံးအကြိမ်ဖြစ်တယ်လို့ လက်ရှိ အတွင်းရေးမှူး (၁) အဖြစ် ရွေးချယ်ခံထားရတဲ့ နဲ့နယ်ပလိုးက ကန္တာရဝတီတိုင်း(မ်) ကို အတည်ပြုပြောပါတယ်။

“ဒါက ပထမဆုံးအကြိမ်ပေါ့နော်။ အဲ့လို အတည်ပြုလို့ရပါတယ်။ ဒီ KNPP မှာက။” လို့ နဲ့နယ်ပလိုးက ဆိုပါတယ်။

ဒါပေမယ့် KNPP လို့ အဖွဲ့အစည်းအမည် မပြောင်းလဲမီ KNLP (ကရင်နီအမျိုးသားလွတ်မြောက်ရေးပါတီ) အဖြစ် ရပ်တည်ခဲ့တဲ့ကာလမှာတော့ အမျိုးသမီးတဦးက ပါတီဥက္ကဋ္ဌတာဝန်ကို ယာယီထမ်းဆောင်ခဲ့ဖူးတယ်လို့ နဲ့နယ်ပလိုးက ဖြည့်စွက်ပြောပါတယ်။

အဆိုပါ တာဝန်လစ်လပ်မှုတွေ ပြန်လည်ရွေးချယ်ခန့်အပ်တာကို စက်တင်ဘာလ (၁၀) ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ KNPP ရဲ့ (၁၅) ကြိမ်မြောက်ပါတီကွန်ကရက်သက်တမ်း ပါတီဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးမှာ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ လစ်လပ်တာဝန်တွေ ပြန်လည်ရွေးချယ်ရာမှာ အမြဲတမ်းဗဟိုကော်မတီဝင်တွေနဲ့ ပါတီဗဟိုကော်မတီဝင်တွေက လျှို့ဝှက်မဲစနစ်နဲ့ ရွေးချယ်ခဲ့ကြပြီး မော်သဲမာက မဲအများဆုံးရရှိကာ အတွင်းရေးမှူး (၂) အဖြစ် အတည်ပြုခန့်အပ်ခံရတာ ဖြစ်ပါတယ်။

အလားတူ ခူးပလူးရယ်ကို အထွေထွေအတွင်းရေးမှူးအဖြစ်လည်းကောင်း၊ နဲ့နယ်ပလိုးကို အတွင်းရေးမှူး (၁) အဖြစ် ရွေးချယ်ခဲ့သလို ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) မှာ လစ်လပ်သွားတဲ့ KNPP ကိုယ်စားလှယ်နေရာအတွက် ပါတီဒုတိယဥက္ကဋ္ဌ ခူးထဲဘူးကို တာဝန်ပေးအပ်ခဲ့ပါတယ်။

အတွင်းရေးမှူး (၂) အဖြစ် မော်သဲမာ ရွေးချယ်ခံရမှုနဲ့ ပတ်သက်ပြီး လုပ်ပိုင်ခွင့်တွေဟာ ပါတီရဲ့ အခြေခံမူလမ်းစဉ်နဲ့ ဖွဲ့စည်းပုံဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ တာဝန်ဝတ္တရားနဲ့ အခွင့်အာဏာတွေအတိုင်း ရှိမှာဖြစ်တယ်လို့ နဲ့နယ်ပလိုးက ပြောပါတယ်။

“ပါတီအခြေခံမူလမ်းစဉ်နဲ့ ဖွဲ့စည်းပုံဥပဒေမှာပါတဲ့ ပါတီအတွင်းရေးမှူး (၂) ရဲ့ တာဝန်ဝတ္တရားတွေနဲ့ အခွင့်အာဏာ ပြဋ္ဌာန်းချက်တွေအတိုင်း လုပ်ပိုင်ခွင့်တွေ ရှိမှာဖြစ်ပါတယ်။” လို့ ဆရာနဲနယ်ပလိုးက ဆိုပါတယ်။

အစည်းအဝေးမှာ လစ်လပ်သွားတဲ့ ပါတီအထွေထွေအတွင်းရေးမှူးနေရာကို ပြန်လည်ရွေးချယ်တာနဲ့ KSCC မှာ လစ်လပ်သွားတဲ့ KNPP ကိုယ်စားပြုနေရာကို အစားထိုးခန့်အပ်တာတွေကို ဆောင်ရွက်ခဲ့ကြပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ