spot_img
Homeသတင်းအာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းအန္တရာယ်ကြောင့် စာသင်ကျောင်းတချို့ ယာယီပိတ်ထားရ

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းအန္တရာယ်ကြောင့် စာသင်ကျောင်းတချို့ ယာယီပိတ်ထားရ

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဒီးမော့ဆို (ရှေ့) မြို့နယ်အတွင်း ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတချို့ကို အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းအန္တရာယ် စိုးရိမ်ရတာကြောင့် ယာယီပိတ်ထားရတယ်လို့ မြို့နယ်ပညာရေးမှူးတဦးက ပြောပါတယ်။

စက်တင်ဘာလ ၇ ရက်နေ့ကစပြီး လုံခြုံရေးအခြေအနေကြောင့် စာသင်ကျောင်းတချို့ကို ပိတ်ထားရတာဖြစ်ပြီး အခြေအနေအပေါ်မူတည်ကာ တစ်ပတ်ခန့်အထိ ပိတ်ထားရနိုင်တယ်လို့ ဆိုပါတယ်။

ကျောင်းတွေကို ရက်ရှည်ပိတ်ထားရတာကြောင့် ကလေးတွေရဲ့ စာသင်ကြားရေးအပေါ် ထိခိုက်နိုင်သလို ကျောင်းပြန်ဖွင့်ချိန်မှာလည်း ကျောင်းစာကို အာရုံစူးစိုက်နိုင်မှု လျော့နည်းလာနိုင်တယ်လို့ ဒီးမော့ဆို (ရှေ့) မြို့နယ် ပညာရေးမှုးတဦးက အခုလိုပြောပါတယ်။

“အခုဆိုရင် လေကြောင်းအန္တရာယ်သတိပေးချက်အနေနဲ့ လုံခြုံရေးစိုးရိမ်ရတယ်ဆိုတဲ့အပေါ်မှာ ပြောလာတော့ ကလေးတွေကို အခုဆိုရင် တွေ့နေရပြီ ကျောင်းပိတ်လိုက်တာနဲ့ ညပိုင်းသူ့ဟာနဲ့သူ အိမ်မှာစာကြည့်ဖို့ နေနေသာသာ လိုင်းတွေသွားသုံးကြတယ်။ ဂိမ်းတွေဆော့ကြတယ်။ ဒီလိုမျိုး အခြေအနေရှိတော့ အကယ်လို့ ဒီလိုမျိုးသာကျောင်းပိတ်ကာလ ၁ ပတ်ထက်မဟုတ်ပဲနဲ့ ၁ ပတ်ကျော်လာခဲ့သည်ရှိသော် ဒီကလေးက စာဖက်မှာပြန်ပြီး အာရုံရောက်ဖို့ ကျနော်တို့ ထိန်းရခက်ခဲတဲ့အနေအထားမှာ ရောက်သွားနိုင်တယ်”လို့ သူက ပြောပါတယ်။

စက်တင်ဘာလအတွင်း ကရင်နီပြည်တွင်းက လွိုင်ကော်၊ ဆိုမိုဖေစိုးလေး( ရှားတော ) ၊ ဖရူဆို၊ ဖားဆောင်းမြို့နယ် မော်ချီးဒေသနဲ့ ဒီးမော့ဆိုမြို့နယ်တို့မှာ အာဏာသိမ်းစစ်တပ်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ၊ ဒရုန်းနဲ့ ဗုံးကြဲတာ၊ လေယာဉ်၊ ဒရုန်းတွေနဲ့ ကင်းထောက်ပျံသန်းတာတွေ ပြုလုပ်နေတာကြောင့် လုံခြုံရေး စိုးရိမ်မှုတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုလို လေကြောင်းအန္တရာယ်နဲ့ လုံခြုံရေးအခြေအနေတွေကြောင့် ယခု ၂၀၂၆-၂၇ ပညာသင်နှစ်မှာ ကရင်နီပြည်အတွင်းက စာသင်ကျောင်းတချို့ကို မကြာခဏ ယာယီပိတ်ထားရပြီး ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပညာသင်ကြားရေးအတွက် အခက်အခဲ ဖြစ်ပေါ်စေတယ်လို့ ဆိုပါတယ်။ ကရင်နီပြည်အတွင်းမှာ လေကြောင်းနဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် ကျောင်းအဆောက်အအုံပျက်စီးပြီး ကျောင်းတချို့ ယာယီပိတ်ထားရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

ဒီးမော့ဆို (ရှေ့) မြို့နယ်မှာ စာသင်ကျောင်းပေါင်း ၃၀ ကျော်ရှိတယ်လို့ သိရပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ