ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်မှာ လက်ရှိဖွဲ့စည်းထားတဲ့ ကြားကာလလွှတ်တော်သက်တမ်းဟာ လာမည့် ၂၀၂၆ နှစ်ကုန်မှာ သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး လွှတ်တော်အသစ် ပြန်လည်ဖွဲ့စည်းမယ့် ကိစ္စတွေကို “Transitional Constitution” လို့ခေါ်တဲ့ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ (TC) အတည်ပြုချက်အပေါ် မူတည်ပြီး ဆောင်ရွက်သွားရမှာဖြစ်တယ်လို့ ကရင်နီပြည် ကြားကာလလွှတ်တော်၊ လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။
လက်ရှိမှာတော့ အသွင်ကူးပြောင်းရေးကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ TC ကို ဆွေးနွေးနေဆဲဖြစ် ပါတယ်။ ဒါကြောင့် လွှတ်တော်အသစ် ပြန်လည်ဖွဲ့စည်းမယ့် ပုံစံနဲ့ ပြန်လည်ရွေးချယ်မယ့် ကိစ္စတွေကို တိတိကျကျ ဆုံးဖြတ်ထားခြင်း မရှိသေးဘူးလို့ ဦးသဲရယ်က ဆိုထားပါတယ်။
“တိတိကျကျတော့ ပြောလို့တော့ မရဘူးပေါ့နော်။ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကျနော်တို့ တော်လှန်ရေးအတွက် အထောက်အကူဖြစ်ရမယ်။ ပြည်သူလူထုအတွက် အကျိုးရှိရမယ်၊ လူထုကိုလည်း ကိုယ်စားပြုနိုင်ရမယ်။ ဒါတွေကို စဉ်းစားပြီး ရေးနေကြတဲ့ အခြေခံစဉ်းစားချက်တော့ ရှိပါတယ်။ လွှတ်တော်ပြန်ဖွဲ့မယ့် ကိစ္စတော့ တိတိကျကျ ပြောရခက်ပါတယ်၊ ဘာလို့ဆို TC အတည်မပြုရသေးတဲ့အတွက်” လို့ ဦးသဲရယ်က ဆိုပါတယ်။
လွှတ်တော်သက်တမ်းကုန်ဆုံးပြီးနောက် လွှတ်တော်အသစ် ပြန်လည်ဖွဲ့စည်းတာ၊ လွှတ်တော်ပြန်လည်ရွေးချယ်တာတွေနဲ့ ပတ်သက်ပြီး TC ရဲ့ ဆုံးဖြတ်ချက် အတိုင်းသာ ဆက်လက်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
လက်ရှိ ကရင်နီပြည် ကြားကာလလွှတ်တော်ဟာ ၂၀၂၀ ခုနှစ် ရွေးကောက်ခံ ကိုယ်စားလှယ်တွေကနေ ကြားကာလအစီအမံအရ ပြန်လည်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၄ ရက်နေ့မှာ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ရဲ့ သဘောတူညီမှုနဲ့ ကရင်နီပြည် ကြားကာလ ဥပဒေပြုရေးကော်မတီကို ကရင်နီပြည်ကြားကာလ လွှတ်တော်အဖြစ် ပြောင်းလဲခေါ်ဆိုခဲ့တာ ဒီကနေ့အထိ ဖြစ်ပါတယ်။






