spot_img
Homeသတင်းလွိုင်ကော်အရှေ့ခြမ်းမှာ လုံခြုံရေးအခြေအနေကြောင့် စစ်ဘေးရှောင်တွေ ထပ်မံရွှေ့ပြောင်းရ

လွိုင်ကော်အရှေ့ခြမ်းမှာ လုံခြုံရေးအခြေအနေကြောင့် စစ်ဘေးရှောင်တွေ ထပ်မံရွှေ့ပြောင်းရ

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းမှာ ပြီးခဲ့တဲ့ စက်တင်ဘာလ ပထမပတ်ကစပြီး အာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေ ပိုများလာတာကြောင့် စစ်ဘေးရှောင်တွေ ထပ်မံရွှေ့ပြောင်းနေကြရတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

ဒေသတွင်း လုံခြုံရေးအခြေအနေနဲ့ အခြားအကြောင်းအမျိုးမျိုးကြောင့် လွိုင်ကော်မြို့တွင်းကို ပြန်လည်ဝင်ရောက်လာသူတွေလည်း ရှိတယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အတွင်းရေးမှူး(၂) ဦးဗညားက ပြောပါတယ်။

“ကျနော်တို့ မြို့နယ်နဲ့ ချိတ်ပြီး သိတာတော့ရှိတယ်။ အဓိကကတော့ အရင်အပတ်တွေက ဒရုန်းတွေရော၊ စစ်ကြောင်းတွေရော၊ လေယာဉ်တွေရော တချို့ ပါလောင်းတို့၊ ဒေါတရိုးဖက် ရှောင်တဲ့လူ တော်တော်များများ၊ ထက်ဝက်နီးပါးလောက် ပြောတာပေါ့နော်၊ လွိုင်ကော်ထဲ ပြန်ဝင်သွားတယ်ဆိုတာတော့ သိရပါတယ်။ ဒီရက်ပိုင်းမတိုင်ခင် လွိုင်ကော်မြို့ထဲ ပြန်ဝင်သူတွေကို ဖမ်းဆီးတာတွေ၊ စစ်ဆေးမေးမြန်းတာတွေ ရှိတာတော့ ကြားထားတာရှိပါတယ်” လို့ ဦးဗညားက ပြောပါတယ်။

လွိုင်ကော်မြို့တွင်းကို ပြန်လည်ဝင်ရောက်လာသူတွေကို အာဏာသိမ်းစစ်တပ်ဘက်က စစ်ဆေးမေးမြန်းတာနဲ့ ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ပြီး စစ်ဘေးရှောင်ပြည်သူတွေရဲ့ အခြေအနေတွေအပြင် တော်လှန်ရေးအင်အားစုတွေရဲ့ လှုပ်ရှားမှုအခြေအနေတွေကိုပါ မေးမြန်းစစ်ဆေးမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

လွိုင်ကော်မြို့နယ်အတွင်းမှာတော့ စက်တင်ဘာလအစောပိုင်းကတည်းက အာဏာသိမ်းစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းက အုပ်ချုပ်ရေးတာဝန်ရှိသူ အမျိုးသားတဦးက ပြောပါတယ်။

အဆိုပါ တိုက်ပွဲတွေအတွင်း အာဏာသိမ်းစစ်တပ်က နယ်မြေပြန်လည်စိုးမိုးနိုင်ဖို့ မြေပြင်ထိုးစစ်အပြင် လေကြောင်းနဲ့ ဒရုန်းအသုံးပြု တိုက်ခိုက်မှုတွေပါ ပြုလုပ်လာတယ်လို့ အဆိုပါ အုပ်ချုပ်ရေးတာဝန်ရှိသူက ဆိုပါတယ်။

“ကျနော့်တစ်ယောက်အမြင်က လွိုင်ကော်အရှေ့ဘက်ခြမ်း တောင်ကုန်းတကြော လွှမ်းမိုးနိုင်ဖို့ ဖြစ်နိုင်တာပေါ့နော်။ ပြီးတော့ ပြည်သူတွေကိုလည်း မြို့ထဲ ပြန်ဝင်နိုင်အောင်လည်း ဖြစ်နိုင်တာပေါ့နော်။ အရင်တခေါက် တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်တော့ သူတို့အကျအဆုံးများတော့ အသေခံဒရုန်းနဲ့လာလိုက်၊ လေယာဉ်နဲ့လာကြဲလိုက် အဲ့လိုတော့ ရှိတယ်” လို့ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းက အုပ်ချုပ်ရေးတာဝန်ရှိသူ အမျိုးသားတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်ကနေ ၈ ရက်နေ့အတွင်းမှာလည်း အာဏာသိမ်းစစ်တပ်က လွိုင်ကော်မြို့နယ်အရှေ့ခြမ်းနဲ့ ဆိုမိုဖရေစိုးလေး (ရှားတော) မြို့နယ်အတွင်းကို လေကြောင်းနဲ့ ဒရုန်းအသုံးပြုပြီး တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ၅ ဦး သေဆုံးခဲ့ပြီး အနည်းဆုံး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ တိုက်ခိုက်မှုတွေကြောင့် လူထုနေအိမ်တချို့လည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ တိမ်းရှောင်နေရတဲ့ လူဦးရေစာရင်းကို မပြုစုနိုင်သေးသလို စစ်ဘေးရှောင်တွေရဲ့ မြေပြင်အခြေအနေကိုလည်း လက်လှမ်းမမီသေးဘူးလို့ အဆိုပါ လွိုင်ကော်မြို့နယ်အရှေ့ဘက်ခြမ်းက အုပ်ချုပ်ရေးတာဝန်ရှိသူက ပြောဆိုထားပါတယ်။

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ