ကန္တာရဝတီတိုင်း ( မ် )
ယမန်နေ့ အောက်တိုဘာလ ၅ ရက်နေ့ ည ၁၀ နာရီကျော်အချိန်မှာ ဒီးမော့ဆို (ရှေ့) မြို့နယ်အတွင်း လူထုနေထိုင်ရာအနီးကို အာဏာသိမ်းစစ်တပ်က အသေခံဒရုန်း ၂ စင်းနဲ့ လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ည ၁၀ နာရီ ၂၀ မိနစ်လောက် လာပစ်သွားတာ။ လူတွေကိုတော့ ထိခိုက်မှုမရှိဘူး” လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
ဒီးမော့ဆို (ရှေ့) မြို့နယ်အတွင်း လူထုနေထိုင်ရာအနီးကို အာဏာသိမ်းစစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာ ပထမဆုံးအကြိမ်ဖြစ်ပြီး လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေကြတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
“ကျနော်တို့ကတော့ မကြုံဖူးသေးဘူး။ အနောက်ဘက်ခြမ်းတွေမှာ ခဏခန လာကြဲတယ်ဆိုတာတော့ ကြားဖူး၊ မြင်ဖူးတယ်။ အခုက ကျနော်တို့ရှိတဲ့ဘက်ကိုပါ လုပ်လာတော့ နောက်ပိုင်း လုံခြုံရေးကို ပိုသတိထားရတော့မယ်” လို့ နောက်ထပ် ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
အောက်တိုဘာလ ၄ ရက်နေ့မှာလည်း ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလကစပြီး အာဏာသိမ်းစစ်တပ်က ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်အတွင်းကို အသေခံဒရုန်းတွေနဲ့ ဗုံးကြဲတာ၊ လေကြောင်းတိုက်ခိုက်တာတွေ ပိုလုပ်ဆောင်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။







