ကန္တာရဝတီတိုင်း(မ်)
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ခဲဈေးနှုန်း ကျဆင်းနေပြီး ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတာကြောင့် အခက်အခဲဖြစ်နေကြတယ်လို့ ခဲလုပ်ကိုင်သူတွေက ပြောပါတယ်။
လက်ရှိ မော်ချီးဒေသမှာ ခဲတစ်ပိဿာကို ပျမ်းမျှ ကျပ် ၁ သိန်း ၂ သောင်းဝန်းကျင် ပေါက်ဈေးရှိပြီး ခဲအရည်အသွေးကောင်းရင်တော့ ကျပ် ၁ သိန်း ၃ သောင်းကနေ ၁ သိန်း ၄ သောင်းအထိ ရရှိတယ်လို့ သိရပါတယ်။
“လောလောဆယ်တော့ မော်ချီးမှာ ခဲဈေးက တစ်ပိဿကို တစ်သိန်းနှစ်သောင်းပေါ့။ ဒါပေမဲ့ ရာခိုင်နှုန်း ၇၀ ကျော်တဲ့ဟာ (ခဲအရည်အသွေး ၇၀ ရာခိုင်နှုန်းကျော် ကောင်းမွန်) ဆိုရင်တော့ တစ်သိန်းသုံးသောင်း၊ တစ်သိန်းလေးသောင်းထိတော့ ပေးတယ်။ ခဲဈေးကျတော့ လုပ်စားကိုင်စားရတာ အဆင်မပြေဘူး။ နေ့စားအလုပ်သမားတွေကလည်း တစ်ရက်လုပ်မှ တစ်ရက်စားရတာဆိုတော့ ခဲဈေးကကျ၊ ကုန်ဈေးနှုန်းက တဖြည်းဖြည်းတိုးလာတယ်။ ကုန်ဈေးနှုန်းကြီးတာပေါ့” လို့ ခဲလုပ်ငန်းလုပ်ကိုင်တဲ့ အသက် ၂၄ နှစ်အရွယ် ဒေသခံအမျိုးသားတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်နဲ့ ဩဂုတ်လတွေမှာ ခဲတစ်ပိဿာကို ကျပ် ၁ သိန်း ၅ သောင်းကနေ အရည်အသွေးကောင်းရင် ကျပ် ၂ သိန်း ၃ သောင်းအထိ ပေါက်ဈေးရှိခဲ့ပေမယ့် လက်ရှိ အောက်တိုဘာလမှာတော့ ကျပ် ၁ သိန်း ၄ သောင်းအထိ ဈေးကျလာတယ်လို့ ပြောပါတယ်။
ခဲဈေးကျနေချိန်မှာ နေ့စဉ် စားသောက်နေရတဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်နေပြီး သာမန်လက်လုပ်လက်စားတွေအတွက် ရရှိတဲ့ဝင်ငွေနဲ့ စားဝတ်နေရေးကို လုံလောက်အောင် ဖြည့်ဆည်းဖို့ ခက်ခဲနေတယ်လို့ နောက်ထပ်ဒေသခံ အမျိုးသားတဦးက ပြောပါတယ်။
“အခြေခံစားသောက်ကုန်တွေလည်း ဈေးကြီးတယ်ပေါ့။ ဆန်က တစ်အိတ်ကို ၄ သိန်း ၈ သောင်း၊ ခရမ်းချဉ်သီး၊ ကြက်သားတွေကော၊ ဝက်သားဆို တစ်ပိဿာ ၆ သောင်းခွဲ၊ ၇ သောင်းရောက်နေပြီ။ ပဲဆီတစ်သောင်းဘာမသုံးရဘူး။ မုန်ညှင်းဆို နှစ်စည်း ၅ ထောင်” လို့ သူက ဆိုပါတယ်။
တဖက်မှာလည်း ခဲလုပ်ငန်းလုပ်ကိုင်တဲ့အခါ လေကြောင်းတိုက်ခိုက်မှုအန္တရာယ်ကို စိုးရိမ်နေရတယ်လို့ အထက်ပါ အသက် ၂၄နှစ်အရွယ် ဒေသခံအမျိုးသားတဦးက ဆက်ပြောပါတယ်။
“ဒီလေကြောင်းအန္တရာယ်ကလည်း စိုးရိမ်ရတယ်။ အရင်တစ်ခေါက်ကြဲသွားကတည်းက ဒီဘက်ကလူတွေက လန့်နေကြတယ်။ ဒါပေမဲ့ မလုပ်လို့လည်း မရဘူးလေ။ လုပ်မှရမှာပေါ့။ အလုပ်လုပ်မှ စားရမှာပေါ့” လို့ သူက ဆိုပါတယ်။
ခဲလုပ်ငန်းက ဝင်ငွေရအလုပ်အကိုင်တခုဖြစ်ပြီး အဓိက အားထားလုပ်ကိုင်နေကြတာကြောင့် ခဲဈေးပြန်တက်လာဖို့ နဲ့ ကုန်ဈေးနှုန်း ကျလာဖို့ မျှော်လင့်နေရတယ်လို့ မော်ချီးဒေသခံတွေက ပြောဆိုကြပါတယ်။







