ကန္တာရဝတီတိုင်း (မ်)
ထိုင်းနိုင်ငံမှာ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် ( CI ) စာအုပ် ပြုလုပ်မယ့် မြန်မာရွေ့ပြောင်းအလုပ်သမားတွေက အခြေခံလစာ ၃ လစာရဲ့ ၂၅ ရာခိုင်နှုန်းကို မိသားစုထံ လွှဲပို့ထားတဲ့ အထောက်အထားနဲ့ အစိုးရကို တစ်နှစ်စာ အခွန်ဆောင်ထားကြောင်း ပြနိုင်မှသာ CI လုပ်ခွင့်ရမယ်လို့ အာဏာသိမ်းစစ်အစိုးရရဲ့ အလုပ်သမားဝန်ကြီး ဦးမောင်မြင့်က ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့က နေပြည်တော်မှာကျင်းပတဲ့ ပြည်ပရောက် မြန်မာရွှေ့ပြောင်းလုပ်သားများ ကူညီစောင့်ရှောက်ရေး ဆွေးနွေးပွဲမှာ ပြောကြားခဲ့တာပါ။
CI လုပ်မယ့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေက တစ်နှစ်စာ အခွန်ငွေ ဘတ် ၁၈၀၀ ဆောင်ထားကြောင်း ပြရပါမယ်။ ဒါ့အပြင် အခြေခံလစာထဲက တစ်လ ၂၀၀၀ ဘတ် နှုန်းနဲ့ ၃ လစာ စုစုပေါင်း ဘတ် ၆၀၀၀ ကို မိသားစုထံ လွှဲထားကြောင်း အထောက်အထားပြနိုင်ရမယ်လို့လည်း ဦးမောင်မြင့်က ပြောပါတယ်။
အခုလို အခွန်ငွေအပြင် ငွေလွှဲအထောက်အထားကို ပြပြီး CI စာအုပ်လုပ်ရင် သာမာန်ထက် ကုန်ကျစရိတ်ပိုများတာကြောင့် ငွေကြေး မတတ်နိုင်သူတွေ ပိုများလာနိုင်တယ်လို့လည်း မြန်မာရွှေ့ပြောင်းအမျိုးသမီးလုပ်သားတဦးက ပြောပါတယ်။
“အရင်ကတည်းက ပွဲစားခနဲ့ဆိုရင် အစိုးရက သတ်မှတ်ထားတာထက် ပိုပြီးကုန်နေပြီ။ ဘတ် ၅၀၀၀ အောက်ပဲကုန်ရမယ့်ဟာကို ၁၀၀၀၀, ၁၂၀၀၀ အထိ ကုန်နေတာ။ အခု စစ်အစိုးရကိုလည်း ထပ်တိုးပေးရမယ်ဆိုရင် ကျမတို့မှာ အများကြီးပိုကုန်တာပေါ့။ အစိုးရ နှစ်ဖက်လုံးကို ကျမတို့က ကြားကနေ အခွန်ဆောင်ပေးနေရတဲ့သဘောပေါ့” လို့ ပြောပါတယ်။
အောက်တိုဘာ ၁၄ ရက်နေ့ကစလို့ ထိုင်းနိုင်ငံက စမုစခွန်၊ စမုပရာကန်၊ ဆူရတ်ဋ္ဌာနီ၊ ချင်းမိုင်နဲ့ ချွန်ဘူရီမှာ CI စင်တာတွေဖွင့်မယ်လို့ အသိပေးထားပါတယ်။ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ခွင့်ကတ်ပြား တနည်းအားဖြင့် ပန်းရောင်ကဒ် ရထားပြီးတော့ ဒီနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ အလုပ်လုပ်ခွင့်သက်တမ်း ကုန်မယ့် မြန်မာအလုပ်သမားတွေကို ထုတ်ပေးမှာဖြစ်ပါတယ်။
CI ပြုလုပ်မယ့်ရွှေ့ပြောင်းလုပ်သားတွေက 7- Eleven စတိုးဆိုင်တွေမှာ CI စာအုပ် ကုန်ကျစရိတ် ဘတ် ၂,၆၆၀ ကို ပေးသွင်းပြီး လျှောက်ထားလိုတဲ့ စင်တာစခန်း အမည်နဲ့ နေ့ရက်တွေကို ရွေးချယ်နိုင်တယ်လို့လည်း အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။
ဦးမောင်မြင့်က ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၄ သန်းမှ ၅ သန်းခန့် အလုပ်လုပ်ကိုင်နေကြတဲ့အကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံခြားသားအလုပ်သမား စီမံခန့်ခွဲရေးရုံးရဲ့ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့အထိ စာရင်းအရ ထိုင်းမှာ Work Permit ရရှိထားတဲ့ တရားဝင်မြန်မာလုပ်သား စုစုပေါင်း ၃သန်းခွဲ နီးပါးရှိတယ်လို့ သိရပါတယ်။







