ကန္တာရဝတီတိုင်း ( မ် )
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းက တောင်ယာခင်းတချို့မှာ စပါးရိတ်သိမ်းနေစဉ် မိုးရွာသွန်းတာ၊ ကြွက်၊ ငှက်၊ ကျွဲတွေ ဝင်ရောက်ဖျက်ဆီးမှုကြောင့် စပါးပျက်စီးဆုံးရှုံးတာနဲ့ အဖျင်းများတာတွေ ကြုံတွေ့နေကြပြီး စပါးအထွက်နှုန်းကျဆင်းမှာကို စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မိုးကရွာတော့ စပါးခင်းထဲမှာ ရေတွေဝပ်ပြီး နွံနစ်တဲ့ပုံစံမျိုးတွေ ဖြစ်တယ်။ ပြီးရင် ရိတ်သိမ်းပြီးတဲ့ဟာတွေဆိုလည်း မိုးအရမ်းကြီးလို့ရှိရင် ကြွေကျသွားတယ်။ ရိတ်ပြီးသားစပါးစည်းကနေလည်း ကြွေကျတာတွေ ဖြစ်စေတယ်ပေါ့နော်။ မိုးရွာထဲမှာ ပုတ်မယ်ဆိုလည်း စပါးကို တော်တော်လေးပြန်ပြီး လှန်းရတယ်။ အချိန်မီ မလှန်းနိုင်တဲ့စပါးက ပြန်ပြီးမှ မှိုတွေတက်ပြီး အပင်တွေပြန်ပေါက်တာထိ ဖြစ်တယ်။ မိုးတွေရွာတော့ အခက်အခဲတွေ အများကြီးဖြစ်စေတယ်” လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
အခုလို စပါးပျက်စီးမှုတွေ ကြုံတာ တောင်ယာခင်းတခင်းလုံး ပျက်စီးတာမျိုးမဟုတ်ဘဲ နေရာကွက်ပြီး အနည်းငယ်စီ ပျက်စီးတာများတယ်လို့ ဆိုပါတယ်။ ဒေသခံတွေဟာ တောင်ယာနဲ့ လယ်ယာစပါးတွေကို စီးပွားဖြစ်စိုက်ပျိုးတာမဟုတ်ဘဲ မိသားစုစားဝတ်နေရေးအတွက် အဓိကထား စိုက်ပျိုးကြတာဖြစ်ပါတယ်။
ဒါ့အပြင် ကြွက်၊ ငှက်နဲ့ ကျွဲတွေ ဝင်ရောက်ဖျက်ဆီးတာကြောင့်လည်း စပါးအပြင် အခြားသီးနှံတွေလည်း ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မိုးရွာသွန်းမှုနဲ့ တိရစ္ဆာန်ဖျက်ဆီးမှုတွေကြောင့် စပါးအဖျင်းများပြီး အထွက်နှုန်းကျဆင်းလာတာကြောင့် တနှစ်စာ မိသားစုစားသုံးဖို့ စပါးမလုံလောက်မှာကို စိုးရိမ်နေကြတာပါ။
မိုးလေဝသ ထုတ်ပြန်ချက်အရ နိုဝင်ဘာလ ပထမပတ်အတွင်း ကရင်နီပြည်အပါအဝင် ဒေသတချို့မှာ မိုးတိမ်တောင်ဖြစ်ပေါ်ခဲ့ပြီး မိုးတိမ်တောင်ရွေ့လျားရာတစ်လျှောက်မှာ မိုးရွာသွန်းမှုနဲ့အတူ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ အသိပေးထားပါတယ်။
အောက်တိုဘာနဲ့ နိုဝင်ဘာလဟာ တောင်သူတွေရဲ့ စပါးရိတ်သိမ်းကာလဖြစ်တာကြောင့် အခုလိုအချိန်မှာ မိုးရွာသွန်းမှုကြောင့် ရိတ်သိမ်းပြီးစပါးတွေ ပျက်စီးတာနဲ့ စပါးအဖျင်းများပြီး အထွက်နှုန်းကျဆင်းတာတွေဟာ မိသားစုစားနပ်ရိက္ခာအပေါ် သက်ရောက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။







