spot_img
Homeသတင်းဒီးမော့ဆိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ် နှစ်ရက်ဆက်တိုက် အသေခံဒရုန်းနဲ့ တိုက်ခိုက်၊ ကျောင်းသူတဦး ဒဏ်ရာရ

ဒီးမော့ဆိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ် နှစ်ရက်ဆက်တိုက် အသေခံဒရုန်းနဲ့ တိုက်ခိုက်၊ ကျောင်းသူတဦး ဒဏ်ရာရ

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက အရပ်သားပြည်သူတွေ နေထိုင်ရာအနီးကို နိုဝင်ဘာ ၁၇ ရက်နဲ့ ၁၈ ရက်နေ့တွေမှာ အာဏာသိမ်းစစ်တပ်က နှစ်ရက်ဆက်တိုက် အသေခံဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

နိုဝင်ဘာ ၁၇ ရက်နေ့ ည ၈ နာရီကျော်အချိန်မှာ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက ကျေးရွာတရွာကို အသေခံဒရုန်းတစီးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် တိရစ္ဆာန်တချို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အလားတူ ဒီကနေ့ နေ့လည် ၁ နာရီဝန်းကျင်အချိန်မှာလည်း အရပ်သားပြည်သူတွေ ရှိရာအနီးကို အသေခံဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် အထက်တန်းကျောင်းသူတဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဖြစ်စဉ်ကို သိရှိသူ အမျိုးသမီးတဦးက ပြောပါတယ်။

“ကလေး ကျောင်းသူတဦးထိတယ်၊ ဒဏ်ရာရတယ်။ ဒီရက်ကြဲတာက အသေခံဒရုန်းက လာပြီး တန်းကြဲတာမဟုတ်ဘူး။ ကင်းထောက်ပြီးမှ လာတာ။ ကြဲသွားပြီးလည်း ကင်းထောက်နေတုန်းပဲ။ ဘယ်ကိုပြေးပုန်းရမလဲ မသိတော့ဘူး။ ကလေးတွေ သက်ကြီးရွယ်အိုတွေလည်း ရှိတော့ အရမ်းစိတ်ပူရတယ်။” လို့ အဆိုပါအမျိုးသမီးက ပြောပါတယ်။

အဆိုပါ ကျောင်းသူရဲ့ ခြေထောက်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အသက်အန္တရာယ် စိုးရိမ်စရာမရှိဘူးလို့ ကနဦး သိရပါတယ်။ တခြားထိခိုက်မှုအခြေအနေ အသေးစိတ်ကိုတော့ ကန္တာရဝတီတိုင်း ( မ် ) အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းမှာ အခုရက်ပိုင်းအတွင်း အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ကင်းထောက်တာ၊ အသေခံဒရုန်းနဲ့ တိုက်ခိုက်တာတွေကို မကြာခဏ ပြုလုပ်လာတဲ့အတွက် လုံခြုံရေးစိုးရိမ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

 

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ