spot_img
Homeသတင်းကရင်နီမှာ စတားလင့်စက်တချို့ ထပ်မံ ပိတ်ခံရ

ကရင်နီမှာ စတားလင့်စက်တချို့ ထပ်မံ ပိတ်ခံရ

-

ကန္တာရဝတီတိုင်း (မ်)

စတားလင့်ဂြိုလ်တုကို အမှီပြုပြီး အင်တာနက်သုံးစွဲနေရတဲ့ ကရင်နီပြည်က တော်လှန်ရေးနယ်မြေမှာ ဒီကနေ့ နိုဝင်ဘာလ ၁၈ ရက်မနက်ကစလို့ စတားလင့်စက်တချို့ စတင်ပိတ်ခံနေရပြီလို့ စတားလင့်အင်တာနက် ဝန်ဆောင်မှု ပေးနေသူတွေဆီက သိရပါတယ်။

စတားလင့်စက် တလုံးထဲကနေ အင်တာနက် ဝန်ဆောင်မှု ဖြန့်ချိနေတဲ့ စက်တွေအပြင် ရိုးရိုး ID အောင်ထားပြီးသား စက်တွေလည်း ပိတ်ခံရတယ်လို့ အင်တာနက်ဝန်ဆောင်မှု‌ပေးနေတဲ့ လုပ်ငန်းရှင်အမျိုးသားတဦးက ပြောပါတယ်။

“အရင်ကပဲ စာကျတယ်။ ဒီမနက်တော့ စက်ပိတ်သွားပါတယ်။ ID မတင်ရတဲ့ စက်နဲ့ ID ဖြောင့်ဖြောင့်ဖြူးဖြူး အောင်ထားတဲ့ အလုံး ပိတ်တာတွေက ပြန်ရအောင် ဖြေရှင်းလို့ရတယ်။ လောလောဆယ် transfer အလုံးက ဖြေရှင်းရမယ့် နည်းလမ်း မရသေးဘူး” လို့ သူက ပြောပါတယ်။

စတားလင့်စက် မပိတ်မီ ရက်ပိုင်းအတွင်း အကြောင်းကြားစာပေးပို့လာတာရှိတယ်လို့လည်း ပြောပါတယ်။ စတားလင့်စက်တချို့က မူလမှတ်ပုံတင်ထားတဲ့ နယ်မြေဒေသရဲ့ ပြင်ပမှာ အသုံးပြုနေတာဖြစ်လို့ စက်ပိတ်ခံရတာလို့လည်း ဝန်ဆောင်မှု လုပ်ငန်းရှင်တွေက ပြောပါတယ်။

ဒါပေမဲ့ စတားလင့်စက်ပိတ်ခံရတဲ့ အကြောင်းရင်းကိုတော့ လုပ်ငန်းရှင်တွေက အတိအကျမပြောနိုင်ကြပါဘူး။

စတားလင့်စက် ပိတ်ခံရမှုကြောင့် ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် ရယူမှုတွေ ပြတ်တောက်သွားမှာကိုလည်း လူထုတွေက စိုးရိမ်နေပါတယ်။ လတ်တလော ကရင်နီပြည်မှာ အသုံးပြုလို့မရတော့တဲ့ စတားလင့်စက် အလုံးရေကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

အလားတူပဲ ရခိုင်ပြည် (အာရက္ခဒေသ) နဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ နိုဝင်ဘာလ ၁၈ ရက်နေ့ကစလို့ စတားလင့်စက်အပိတ်ခံနေရတယ်လို့လည်း ဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။

စတားလင့်ကုမ္ပဏီက မေလ ၆ ရက်နေ့ကစပြီး သုံးစွဲသူတွေရဲ့ ပတ်စ်ပို့ နဲ့ ခရီးသွားလာရေးမှတ်တမ်းပါတဲ့ အချက်အလက်တွေကို စတင်တောင်းခံလာတာပါ။ ဒီလိုတောင်းခံတာက အစိုးရခွင့်ပြုချက်နဲ့ စတားလင့်တရားဝင်သုံးလို့မရသေးတဲ့ နိုင်ငံတွေမှာ တရားမဝင်အသုံးပြုနေတာတွေမရှိအောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ မူဝါဒအသစ်ကို ချမှတ်လိုက်တာလို့ ကျွမ်းကျင်သူတွေက ထောက်ပြထားကြပါတယ်။

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ