spot_img
Homeသတင်းကရင်နီက ဒဏ်ရာရရဲဘော်တွေအတွက် ရေရှည်ရပ်တည်ရေး မူဝါဒစတင်ဖော်ဆောင်

ကရင်နီက ဒဏ်ရာရရဲဘော်တွေအတွက် ရေရှည်ရပ်တည်ရေး မူဝါဒစတင်ဖော်ဆောင်

-

ကန္တာရဝတီတိုင်း ( မ် )

ကရင်နီပြည်မှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခအတွင်း အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်ရင်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ တပ်ရင်းအသီးသီးက ရဲဘော်တွေရဲ့ ရေရှည်ဘဝရပ်တည်ရေးအတွက် မူဝါဒနဲ့ လုပ်ငန်းစဉ်တွေကို ကနဦးစတင်ဖော်ဆောင်နေပြီလို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ လူငယ်ရေးရာဌာန ဌာနမှူးကြီး ခွန်းသောမတ်စ်က ပြောပါတယ်။

အဆိုပါ မူဝါဒနဲ့ လုပ်ငန်းစဉ်တွေ စတင်ဆောင်ရွက်နိုင်ဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့က ကရင်နီပြည်တနေရာမှာ ထိခိုက်ဒဏ်ရာရရဲဘော်တွေ စုံညီတွေ့ဆုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ ကနဦးအဆင့်သာရှိသေးပြီး ထိခိုက်ဒဏ်ရာရရဲဘော်တွေကိုယ်တိုင် ပါဝင်ကာ မိမိတို့အတွက် လိုအပ်တဲ့ မူဝါဒနဲ့ လုပ်ငန်းစဉ်တွေကို ဆွေးနွေးချမှတ်နိုင်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။

တွေ့ဆုံဆွေးနွေးပွဲမှာ ရဲဘော်တွေရဲ့ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို ဖော်ထုတ်ဆွေးနွေးခဲ့ကြသလို ရှေ့ဆက်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေကိုလည်း အတူတကွ ချမှတ်ခဲ့ကြပါတယ်။

ထိခိုက်ဒဏ်ရာရရဲဘော်တွေအတွက် ရေရှည်အာမခံချက်ရှိတဲ့ လူမှုဘဝတခု ဖန်တီးပေးနိုင်ဖို့ မူဝါဒဆိုင်ရာတွေကို အားလုံးဝိုင်းဝန်းရေးဆွဲပြီး လက်တွေ့အကောင်အထည်ဖော်ဖို့ လိုအပ်တယ်လို့ ခွန်းသောမတ်စ်က ပြောပါတယ်။

“ဒီတော်လှန်ရေးကာလမှာ အရေးကြီးတဲ့ လူအုပ်စုတစုရှိပါတယ်။ အဲ့ဒါက စစ်ကောင်စီကို တိုက်ခိုက်ရင်း ထိခိုက်သွားတဲ့ ရဲဘော်တွေပါပဲ။ သူတို့ရဲ့ ဘဝရှေ့ရေးအတွက် အာမခံချက်ရှိတဲ့ မူဝါဒဆိုင်ရာတွေကို ဝိုင်းရေးကြရမှာဖြစ်ပြီး ဝိုင်းပြီးအကောင်အထည်ဖော်ရမှာ ဖြစ်ပါတယ်” လို့ ခွန်းသောမတ်စ်က ဆိုပါတယ်။

ဒါ့အပြင် ထိခိုက်ဒဏ်ရာရရဲဘော်တွေအတွက် လုပ်ငန်းစဉ်တွေ စတင်အကောင်အထည်ဖော်နိုင်ဖို့ တပ်ဖွဲ့ ၆ ဖွဲ့ ပူးပေါင်းပြီး ကိုယ်ထူကိုယ်ထ ရပ်တည်နိုင်ရေးအစီအစဉ်တခုကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ ဒါ့အပြင် ရဲဘော်အားလုံး ပါဝင်နိုင်မယ့် ကော်မတီတရပ် ဖွဲ့စည်းပြီး ရှေ့ဆက်လုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေ ချမှတ်နိုင်ဖို့ စတင်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

ထိခိုက်ဒဏ်ရာရရဲဘော်တွေရဲ့ ရေရှည်ရပ်တည်နိုင်ရေးဟာ သက်ဆိုင်ရာအဖွဲ့အစည်းတွေအပြင် လူပုဂ္ဂိုလ်တဦးချင်းစီမှာလည်း တာဝန်ရှိပြီး မကြာမီ တက်လာမယ့် အစိုးရအနေနဲ့လည်း ဦးစားပေးလုပ်ငန်းစဉ်တွေထဲ ထည့်သွင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ခွန်းသောမတ်စ်က ဆက်ပြောပါတယ်။

“ရေရှည်ရပ်တည်နိုင်အောင်ကတော့ အားလုံးမှာ တာဝန်ရှိတယ်။ မကြာခင် တက်လာမယ့် အစိုးရကလည်း ဒီထိခိုက်ရဲဘော်တွေအတွက် ဦးစားပေးလုပ်ငန်းတွေမှာ ထည့်သွင်းရမှာဖြစ်ပြီး ဒါကို ရေရှည်လုပ်ငန်းစဉ်အဖြစ်လည်း သယ်ယူသွားရမယ့် လုပ်ငန်းစဉ်ဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

အထူးသဖြင့် ထိခိုက်ဒဏ်ရာရရှိမှုကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးသွားတဲ့ ရဲဘော်တွေအတွက် တပိုင်တနိုင် စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်ရေး၊ ဆေးကုသမှုနဲ့ စားဝတ်နေရေးအဆင်ပြေစေရေးတို့ကို အဓိကထား ဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

အဆိုပါ ထိခိုက်ဒဏ်ရာရရဲဘော်တွေ စုံညီတွေ့ဆုံဆွေးနွေးပွဲကို တပ်ရင်းတပ်ဖွဲ့အသီးသီးက ရဲဘော် ၁၂၀ ဦး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

 

spot_img

လူဖတ်အများဆုံး သတင်းများ

ဆက်စပ်အမျိုးအစားများ