spot_imgspot_imgspot_imgspot_img
Thursday, April 25, 2024
spot_imgspot_imgspot_imgspot_img

“ပပွာကလူ”အမျိုးသမီး အဖွဲ့ဘာတွေလုပ်လဲ

Author

Date

Category

ဒွေးအယ်ခူ

မြန်မာနိုင်ငံရဲ့ အကြီးဆုံးခဲသတ္တုတွင်းလည်း ဖြစ်သလို ကမ္ဘာအဆင့်မှီခဲသတ္တုတွင်းထွက်သည့်နေရာဖြစ်သည့် မော်ချီးဒေသသည် အဖိုးတန် ခဲသတ္တုတောင်တန်းများမှ ကာရံထားသည့် နေရာတစ်ခုဖြစ်လေသည်။

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်အတွင်းတွင် တည်ရှိပြီးတောင်ကုန်းများ မြင့်မားထူထပ်သောဒေသလည်း ဖြစ်သည်။ မော်ချီးဒေသခံအများစုကလည်းကရင်လူမျိုးများ ဖြစ်ကြသည်။

ခဲသတ္တုထွက်သည့် နေရာဖြစ်သည့်အလျောက် မိုးတွင်းကာလတွင် ခဲတူးဖော်မှုကြောင့် သဘာဘေးအန္တရာယ်ဖြစ်သည့် မြေပြိုမှုကလည်းနှစ်စဉ် အနည်းနှင့်အများ ဖြစ်နေသည်။

၂၀၁၅ မိုးတွင်းကာလမော်ချီးဒေသမြေပြိုမှု ဖြစ်စဉ်တွင်အစိုးရကျန်းမာရေးအဖွဲ့မှ လက်လှမ်းမမှီသည့် နေရာများကို“ပပွာကလူ(ကရင်)လူမှုဖွံ့ ဖြိုးတိုးတက်ရေးအမျိုးသမီး”အဖွဲ့မှ သွားရောက် ဆေးဝါးကုသမှု ပေးခဲ့သည်။

၂၀၁၄ခုနှစ်တွင် မော်ချီးဒေသ၏ သောသီခိုလူမှု အထောက်အကူပြု အဖွဲ့တွင် ဦးစွာပါဝင်ခဲ့ပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးသည့် အမျိုးသမီးအဖွဲ့ လို်အပ်လျှက်ရှိတာကြောင့် ၂၀၁၅ခုနှစ်တွင် “ပပွာကလူ(ကရင်) လူမှုဖွံ့ ဖြိုးတိုးတက်ရေးအမျိုးသမီး”အဖွဲ့ကိုစတင်ဖွဲ့စည်းခဲ့သည်။

ကျန်းမာရေးမှူးအငြိမ်းစားဖြစ်သည့် ဒေါ်နော်မားကရက်စိန်မှ “ပပွာကလူ(ကရင်) လူမှုဖွံ့ ဖြိုးတိုးတက်ရေးအမျိုးသမီး”အဖွဲ့ကိုမော်ချီးဒေသ၊ ၁၃ကုန်း၊ ယူကော်ခိုမှာ စတင်တည်ထောင်ခဲ့ပြီး မော်ချီးဒေသအတွင်း ကျန်းမာရေးစောင့်ရှောက်မှု၊ ကုသမှု၊ ဒေသဖွံ့ဖြိုးမှုကိုဆောင်ရွက်ခဲ့သည်။

“မြေပြိုတဲ့အချိန်မှာလည်းဒီအိမ် ဒီဆေးခန်းမှာပဲထိခိုက်ဒဏ်ရာရတဲ့သူကောဆုံးပါးတဲ့သူတွေ အများကြီးရောက်လာတယ်။ အ့ကြောင့်မို့ နောက်ပိုင်းနောက်ဆက်တွဲကျန်းမာရေးလုပ်ဖို့ အများကြီးလိုတာပဲဆိုပြီး ကျန်းမာရေးကိုတားဂတ်ထားပြီးမှ ဒီကျန်းမာရေးလုပ်ငန်းကို လုပ်ဖြစ်တာပေါ့” ဟုပပွာကလူ(ကရင်) လူမှုဖွံ့ ဖြိုးတိုးတက်ရေးအမျိုးသမီးအဖွဲ့ ဥက္ကဌ ဒေါ်နော်မားကရက်စိန်က ပြောသည်။

အမျိုးသမီးချည်းဖွဲ့စည်းထားသည့် “ပပွာကလူ(ကရင်)လူမှုဖွံ့ဖြိုးတိုးတက်ရေးအမျိုးသမီး”အဖွဲ့သည် အခြားမည်သည့်အဖွဲ့အစည်း၏ အကူအညီ၊ အထောက်အပံ့ မရှိဘဲအဖွဲ့အတွင်းတစ်ဦးလျှင် တစ်လ(၁၀၀၀၀) ကျပ် ကောက်ပြီးဆေးကုသမှုတွေ လုပ်ဆောင်နေကြောင်းဒေါ်နော်မားကရက်စိန်ကပြောသည်။

“ ဆေးဝယ် ကုန်ရင် ပိုက်ဆံပြန်ထည့် အဲလိုပဲလှည်ပတ်နေရတယ်။ ဝန်ထမ်းတွေမှာ လစာဆိုတာမရှိဘူး”ဟု၎င်းက ဆက်ပြောသည်။

“ပပွာကလူ(ကရင်)လူမှုဖွံ့ ဖြိုးတိုးတက်ရေးအမျိုးသမီး”အဖွဲ့၏ ထူးခြားချက်တစ်ခုမှာအပတ်စဉ် တနင်္ဂနွေနေ့တိုင်းကျေးရွာအတွင်းသက်ကြီးရွယ်အိုများ၊ ငွေကြေးမတတ်နိုင်သည့်သူတွေ အားလုံးကိုအခမဲ့ကုသပေးဖြင်းပင် ဖြစ်သည်။ ထို့ပြင် ဆန်ပြုတ်၊ မုန့်၊ ကြက်ဥစသည့် အာဟာရဖြည့်စွက်စာများကို ကျွေးမွေးခြင်းလည်းလုပ်ဆောင်နေခြင်းဖြစ်သည်။

တစ်လလျှင် ပျှမ်းမျှ လူနာ ၂၀ဝကျော်လောက်ကို ဆေးဝါးကုသမှု ပေးလျှက်ရှိနေသည်။

ငွေကြေးတတ်နိုင်သည့် သူများကိုတော့ ဆေးကုသမှုအတွက် အခကြေးငွေယူပြီး ရန်ပုံငွေစုထားသည်ဟု သိရသည်။

မော်ချီးဒေသကျေးရွာအတွင်းအဖွဲ့မှ ကွင်းဆင်းဆေးဝါးကုသမှုများဆောင်ရွက်နေသလိုအရေးကြီးသည့် လူနာများကိုဆေးရုံ၊ ဆေးခန်းသို့ ပို့ိဆောင်ပေးသည့် တာဝန်ယူမှုများလည်းရှိသည်။ ကျန်းမာရေး အသိပညာပေးခြင်းကိုလည်း ပြောပြပေးလေ့ရှိကြောင်းရှင်းပြသည်။

ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက ်“အစိုးရဆရာမတွေက တစ်လတစ်ခါပဲလာတယ် ကာကွယ်ဆေးထိုးမိတဲ့သူရှိသလို မထိုးမိတဲ့သူလည်းရှိတော့ ကွင်းဆင်းတဲ့အချိန်မှာ မေးခိုင်ကာကွယ်ဆေးကို တစ်ခါတည်းထိုးပေးတယ်။ ကလေးမွေးပေးတယ်။ ကလေးချက်ကြွေတဲ့အထိ ၄၅ရက်အတွင်း ကြည့်ပေးတယ်” ဟု ၎င်းအဖွဲ့ဝင်များကပြောကြားချက် အရသိရသည်။

ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းသည် “ပပွာကလူ(ကရင်)လူမှုဖွံ့ဖြိုးတိုးတက်ရေးအမျိုးသမီး”အဖွဲ့၏ ဦးစားပေးလုပ်ငန်းဖြစ်ပြီးဒေသခံအများစုမှာသူတို့ကိုယ်တိုင်ကသူတို့ အခွင့်အရေးကို မသိရှိကြသေးတာကြောင့် ကျေးရွာအတွင်းလူ့အခွင့်အရေးတွေ သိရှိနားလည်လာအောင် ကွင်းဆင်းဆေးကုသသည့်အချိန်တိုင်းပြောပြ၊ ရှင်းပြတာကြောင့်  ရွာသူရွာသားများမှ သိရှိသဘောပေါက်လာပြီဖြစ်ကြောင်းဆိုသည်။

အမျိုးသမီးအရေးနှင့် ပတ်သက်လာလျှင်လည်း“ပပွာကလူ”အဖွဲ့ကကရင်နီအမျိုးသမီးအဖွဲ့အစည်းနှင့် တိုက်ရိုက် ဆက်သွယ်ပြီးဖြေရှင်းမှု ရှိသလိုဒေသခံလက်နက်ကိုင်အဖွဲ့အစည်းနှင့် လည်း ပူးပေါင်းဖြေရှင်းပေးကြောင်း သိရသည်။

လက်ရှိအချိန်ထိ“ပပွာကလူ” ၊ ကရင်နီအမျိုးသမီးအဖွဲ့အစည်း၊ လက်နက်ကိုင် အဖွဲ့အစည်းသုံးဖွဲ့ပေါင်း ဖြေရှင်းသည့်အမှု ၂ မှု နှင့် ပပွာကလူ၊ လက်နက်ကိုင်အဖွဲ့အစည်း ၂ဖွဲ့ပေါင်း ၃မှု ကိုဖြေရှင်းပြီးခဲ့ကြောင်း ဒေါ်နော်မားကရက်စိန်ကပြောသည်။

၎င်းက “သက်ငယ်မုဒိမ်းမှု၊ ကျောင်းဆရာမ ကြံစည်မှုအဲအမှုတွေကိုတော့ တရားရုံးမှာဖြေရှင်းတယ်၊ အိမ်တွင်းအကြမ်းဖက်မှုတော့ ကျေးရွာမှာပဲဖြေရှင်းတယ်။ ကြီးတဲ့အမှုတွေဆိုရင် အမျိုးသမီးအဖွဲ့နဲ့ ချိတ်ဆက်ပေးပါတယ်။ ကျွန်မတို့ကအမျိုးသမီးတွေကို အိမ်တွင်းအကြမ်းဖက်တာရော မတရားအကြမ်းဖက်တာရော ကာကွယ်ပေးတယ်” ဟုဆက်ပြောသည်။

အထက်ပါ ကိစ္စလိုမျိုးထိထိရောက်ရောက် ဖြေရှင်းပေးတာကြောင့် “ပပွာကလူ” အဖွဲ့ကို ကျေးရွာအမျိုးသမီးများမှ အားထားလာကြပြီးအိမ်အတွင်းအကြမ်းဖက်မှု လျော့နည်းသွားကြောင်း အိမ်ထောင်ရှင်အမျိုးသမီးများကပြောသည်။

မော်ချီးဒေသတွင် လူငယ်ပညာတတ်များပေါများလာအောင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိအောင်လည်းပပွာကလူအဖွဲ့မှ သက်ဆိုင်သည့် ဌာနဆိုင်ရာများ၊ အစိုးရဝန်ကြီးများနှင့် တိုက်ရိုက်ချိတ်ဆက် ပေးခြင်းကိုလည်းဆောင်ရွက်ပေးသည်။

“ ဆယ်တန်းအောင်တဲ့လူငယ်၊ ဘွဲ့ရတဲ့လူငယ် အလုပ်အကိုင်မရှိသေးဘူးဆိုရင် အစိုးရကျောင်းဆရာမဖြစ် PPTT ကိုဝင်ဖြေခိုင်းတာမျိုး၊ မော်ချီးမှာလေးတန်းအောင်တဲ့ ကလေးအချို့ကိုနတလကျောင်းပို့ပေးတာတို့ ဒါတွေကိုအန်တီတို့ကပဲဝန်ကြီးတွေနဲ့ တိုက်ချိတ် ချိတ်ဆက်ပေးပြီးကလေးတွေအတွက် အစအဆုံးဆောင်ရွက်ပေးတယ်” ဟုဒေါ်နော်မားကရက်စိန်ကပြောသည်။

အဖွဲ့ဝင်၏ တစ်လ(၁၀၀၀၀) ကျပ်ဖြင့် ရပ်တည်ခဲ့သော “ပပွာကလူ”အဖွဲ့သည် မော်ချီးဒေသအတွင်းကျန်းမာရေးနဲ့ ပတ်သက်သည့်စောင့်ရှောက်မှုတွေ ဆောင်ရွက်ခြင်းမှာ ၅နှစ်တာအတွင်းရောက်ရှိနေပြီး ပစ်တိုင်းထောင်ဖောင်းဒေးရှင်းမှ တစ်နှစ်စီမံချက်ဖြင့် ထောက်ပံ့မှုကို ပထမဆုံးအကြိမ် ရရှိခဲ့သည်။

ထောက်ပံ့မှု ရရှိခဲ့တာကြောင့် “ပပွာကလူ” အဖွဲ့မှာမော်ချီးဒေသအတွက် ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုပေးလာနိုင်မည်ဖြစ်ကြောင်းဆိုသည်။

မော်ချီးဒေသခံတစ်ဦးဖြစ်သလို “ပပွာကလူ(ကရင်)လူမှုဖွံ့ဖြိုးတိုးတက်ရေးအမျိုးသမီး”အဖွဲ့ရဲ့ ဥက္ကဌဖြစ်သည့် ဒေါ်နော်မားကရက်စန်သည် မော်ချီးဒေသအတွင်း ပြန့်ကျဲနေထိုင်သည့် “ပပွာကလူ” အဖွဲ့ဝင်များနှင့်အတူ ဒေသအတွက် ကျန်းမာရေးနှင့် ပတ်သက်သောကာကွယ်မှုတွေကိုမမောနိုင် မပန်းနိုင် ဆက်လက် လုပ်ဆောင်သွားမည်ဖြစ် ကြောင်းပြောသည်။

သူမက “ဒီဒေသကိုကာကွယ်ဖို့ဆိုတာလက်နက်နဲ့တော့ မဟုတ်ဘူးပေါ့နော။ ကိုယ်တတ်ထားတဲ့ ကျန်းမာရေးအရဆိုရင်လည်းလူတွေရဲ့ အသက်အန္တရာယ်ကိုကာကွယ်ပေးတာပဲ” ဟုပြောခဲ့သည်။

spot_img
spot_img

Recent posts