spot_imgspot_imgspot_imgspot_img
Friday, March 29, 2024
spot_imgspot_imgspot_imgspot_img

အိမ်ရှင်မတို့၏ အိမ်မက်

Author

Date

Category

ဦးမြာ၊ မီမြာ ရေးသားသည်။

ကယားပြည်နယ် ဒီးမော့ဆိုမြို့တနန်းဥကွိုင် တွင်နေထိုင်သော ဒေါ်အန်တောညာသည် နံနက်စောစောတွင် အိမ်မှုကိစ္စများနှင့်အလုပ်ရှုပ်နေသည်။ မနက်အစောပိုင်းတွင် ဝေါလ်ဗီရှင်မှထောက်ပံ့ပေးသည့် ဒေသဝက်မျိုးများကို အစာကျွေးခြင်း၊ သားသမီးများကျောင်းပို့ပေးရန် ပြင်ဆင်ခြင်းစသည့်ဖြင့် အလုပ်များနေလျက်ရှိသည်။

နံနက်၈နာရီအချိန်တွင် အိမ်အလုပ်လုပ်ပြီးသောအခါ သားလေးအားမူကြိုကျောင်းပို့ရန် ပြင်ဆင်ပေးနေသည်။ သားအားမူကြိုကျောင်းသို့ ဆိုင်ကယ်ဖြင့်လိုက်ပို့ပြီး အိမ်ရောက်သောအခါ သမဝါယမရုံးသို့ သင်တန်းသွားရန်ပြင်ဆင်ပြီး သင်တန်းဆီသို့ဦးတည်ပြီးအိမ်မှထွက်ခဲ့သည်။

သင်တန်းသည် ၉နာရီစပြီး၃နာရီတွင် အဆုံးသတ်သည်။ ဒေါ်အန်တောညာသည် ညနေသင်တန်းဆင်းချိန်ရောက်သောအခါ သားအားမူကြိုကျောင်းသွားကြိုသည်။ အိမ်ရောက်သောအခါ အိမ်မှုကိစ္စတွေပြန်လုပ်ရသည်။ မွေးထားသောကြက်၊ ဝက်တွေကိုအစာကျွေးသည်။ ညနေစာ စားပြီးသောအခါ ပထမတန်းတက်နေသောသမီးအား အိမ်စာကူလုပ်ပေးရပြန်သည်။

သူမတွင် သမီးတစ်ယောက်၊ သားတစ်ယောက်ရှိပြီး အမျိုးသားမှာမူ ကားမောင်းသည့် လုပ်ငန်းကို လုပ်ကိုင်ရင်း မိသားစုဝမ်းရေး ရှာဖွေကျွေးမွေးနေသူဖြစ်သည်။

အိမ်ထောင်ဦးစီးအမျိုးသားတစ်ယောက်တည်း၏ ဝင်ငွေဖြင့် ရပ်တည်ရန် အခက်ခဲများရှိလာသည့်အတွက် တခြား ဝင်ငွေရနိုင်မည့် လုပ်ငန်းများကိုလည်း တနိုင်တပိုင်လုပ်ကိုင်နိုင်ရန် ကြိုးစားနေသည့်အတွက် သမဝါယမတွင် ပို့ချပေးသည့် စီးပွားရေးအသိပညာသင်တန်းနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းသင်တန်းများကို တက်ရောက်နေခြင်းဖြစ်ပါသည်။

ေဒၚအန်တောညာ

“ကျမတို့က ကလေးငယ်တွေရှိသေးတယ်ပေါ့နော။ ကျောင်းနေတဲ့ကလေးတွေကလည်းရှိတဲ့အခါကျတော့ ဘယ်လိုဘဲဖြစ်ဖြစ် တစ်ဖက်တစ်လမ်းကနေပေါ့နော။ အိမ်ထောင်ဦးစီးရဲ့ ဝင်ငွေကိုဘဲမှီခိုတာမဟုတ်ဘဲ ကျမကိုယ်တိုင် တစ်ဖက်တစ်လမ်းကနေကလေးအတွက် အဓိက ကလေးအတွက်ပေါ့နော။” ဟု အန်တောညာက ပြောပါသည်။

၎င်းသင်တန်းတွင် အသက်မွေးဝမ်းကြောင်းဆိုင်ရာနှင့် စီးပွားရေးနှင့်ဆိုင်သောအကြောင်းအရာများ ကိုသင်ကြားပို့ချပေးသည်ဟု သိရသည်။

သူမသည် မြန်မာစာဖြင့်ဘွဲ့ရထားပြီး သူနာပြုဒီပလိုမာသင်တန်းကိုပါပြီးမြောက်ထားသူတစ်ဦးဖြစ်သည်။
သူနာပြုသင်တန်းကျောင်းဖြင့်ပြီးမြောက်ထားသော်လည် အလုပ်တာဝန်ခံအပ်ခြင်း စောင့်ဆိုင်းနေရရင်း အချိန်ကုန် အသက်ကြီးလာသည့်အတွက် သူမသည် စင်ကာပူနိုင်ငံသို့ထွက်ပြီး အလုပ်ထွက်လုပ်ခဲ့ရသည်ဟု သိရသည်။

စင်ကာပူနိုင်ငံတွင် ၉နှစ်တာအလုပ်လုပ်ခဲ့သမျှ အနည်းငယ် စုမိဆောင်းမိသောအခါ ယခုတွင် သူမသည် မိမိဒေသတွင်သာ အတည်တကျမိသားစုတည်ထောင်ပြီး အိမ်ရှင်မ တစ်ဦးဖြင့် မိသားစုအတွက် အိမ်တွင်း လုပ်ငန်းများ၊ ကြက်၊ ဝက်မွေးမြူပြီး တနိုင်တပိုင် မိသားစုဝင်ငွေများရသည့်နည်းလမ်းများကိုသာ ပြန်လည်လုပ်ကိုင် နေခြင်းဖြစ်သည်။

အိမ်တွင်းကြက်မွေး၊ ဝက်မွေးအပြင် ယခုသူမသည် တခြားအသက်မွေးဝမ်းကျောင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန် ဒီးမော့ဆိုမြို့နယ်သမဝါယမအသင်းနှင့် သီရိမေအမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး သမဝါယမအသင်းလီမိတက် တို့ဖွင့်လှစ်သော မဲခေါင်-လျန်ချန်းပူးပေါင်းဆောင်ရွက်မှုသင်တန်းကို တက်ရောက်နေခြင်းဖြစ်သည်။

ထိုသင်တန်းတွင် အသက်မွေးဝမ်းကြောင်းဆိုင်ရာဖြစ်သော ဇာထိုးပန်းထိုး၊ အိတ်ချုပ်၊ ယိုစုံ၊ဖျော်ရည်နှင့် ဆပ်ပြာရည် ပြုလုပ်နည်းသင်တန်း တို့ကိုပို့ချပေးခဲ့ပြီး သင်တန်းသို့တက်ရောက်ခဲ့ကြသောသင်တန်းသူ များထဲတွင် အသက်မွေးဝမ်းကြောင်းသင်တန်းနှင့်ပတ်သက်ပြီး တပိုင်တနိုင်လုပ်ငန်းအဖြစ် အကောင်အထည်ဖော်လိုကြသည်။

″ကျမတို့ကအိမ်ရှင်မတွေဆိုတော့ အမြဲတမ်းအိမ်မှာဘဲနေပြီးတော့ ကလေးတွေနဲ့နေလို့မရဘူးလေ။ ကလေးတွေလည်းကြီးလာပြီဆိုတော့ အလုပ်တစ်ခုပေါ့နော။ ဘယ်လိုဘဲတနိုင်တပိုင်ပေါ့နော အသေးစားတစ်ခုပေါ့နော။ လုပ်ချုင်တယ်ဆိုပြီးတော့ ဘယ်လိုဘဲဖြစ်ဖြစ်ကျမတို့ယိုစုံသင်တန်းလည်း ငါးရက်တာတက်ခဲ့ပြီးပြီဆိုတော့ ယိုစုံနဲ့ပတ်သက်တာဘဲဖြစ်ဖြစ် ယိုစုံ၊ ဖျော်ရည်၊ ဝိုင် အဲ့ဒီသုံးမျိုးပေါ့နော။ အဲ့ဒီသုံးမျိုးအတွက်အစီအစဉ်ဆွဲထားတယ်ပေါ့နော။ စိတ်ဝင်စားတဲ့အသင်းစီစဉ်ထားတယ်။″ ဟုဒေါ်အန်တောညာက တပိုင်တနိုင်လုပ်ငန်းလုပ်ကိုင်ရန်အတွက် အသင်းတစ်ခုဖွဲ့ရန် စီစဉ်ထားကြောင်းပြောပြပါသည်။

ထိုသင်တန်းသို့တက်ရောက်ခဲ့သော အမျိုးသမီးအချို့သည် အသက်မွေးဝမ်းကြောင်းနှင့်ပတ်သက်သည့် တပိုင်တနိုင်လုပ်ငန်းကို သင်တန်းပြီးသည့်အချိန်တွင်လက်တွေ့အကောင်အထည်ဖော်လိုသောကြောင့် အမျိုးသမီး အသင်းတစ်ခုကိုဖွဲ့စည်းမည်ဖြစ်ပြီး အသင်းအဖွဲ့လိုက်ဆောင်ရွက်သွားမည်ဟု ဒေါ်အန်တောညာက ပြောပါသည်။

“အသင်းဝင်တွေကတော့အခုအစီအစဉ်ကြမ်းဘဲပြောထားသေးတယ်ဆိုတော့ အကယ်၍ကျမတို့ဒါတွေကို တကယ်လုပ်တော့မယ်ဆိုလို့ရှိရင် ကျမတို့ကော်မတီတွေသေချာဖွဲ့မယ်ပေါ့နော။ သေချာဖွဲ့ပြီးစနစ်တကျလုပ်သွားဖို့ ဒီသမဝါယမအသင်းရဲ့လက်အောက်မှာဘဲ သမဝါယမကိုဘဲအားကိုပြီးလုပ်ဆောင်သွားမှာပေါ့။ ” ဟုဒေါ်အန်တောညာကပြောပါသည်။

သင်တန်းတွင် သီးနှံယိုစုံ၊ ဖျော်ရည်ပြုလုပ်နည်း၊ ဆပ်ပြာပြုလုပ်နည်း၊ ဇာထိုးပန်းထိုးပြုလုပ်နည်း၊ အိတ်ချုပ်နည်းစသည်တို့ကို သင်ကြားခဲ့ကြရာ ၎င်းပညာရပ်များကို လက်တွေ့တွင် ပြန်လည်အသုံးချပြီး ကျောင်းဈေးဆိုင်တန်းများတွင် ရောင်းချသွားနိုင်ရန် ကြိုစားသွားမည်ဟု သမဝါဝယမသင်တန်းတူ တက်ခဲ့ကြသည့် အမျိုးသမီးအများစုက စိတ်ဆန္ဒပြုထားကြသည်။

ဒေါ်အန်တောညာနှင့်အတူ သင်တန်းတက်ထားသည့် အသက်၅၃နှစ်အရွယ် ဒေါ်စန်းနွဲ့က “ကျမရည်ရွယ်ချက်အဓိကကတော့ငွေပေါ့။ အဲဒီလိုမျိုးအဆင်ပြေသွားအောင်လို့ သားသမီးတွေလည်းသူတို့ဟာနဲ့သူုတို့ပေမယ့် ကိုယ်လည်းအိုသွားပြီဆိုပေမယ့် လူပိုမဖြစ်အောင်လို့ကိုယ့်ရဲ့တတ်နိုင်တဲ့အရာလေးတွေနဲ့ ကိုယ်တတ်ထားတဲ့ယိုစုံလေးတွေအိတ်ချုပ်လေးတွေနဲ့ ကောင်းကောင်းမွန်မွန်အသုံးချချင်တယ်ပေါ့။” ဟု ပြောပါသည်။

ထုတ်ကုန်များ၏ဈေးကွက်စနစ်အတွက် ကျောင်းဈေးတန်းတွင်ရောင်းချမည်ဖြစ်ပြီး တဖြည်းဖြည်းဈေးကွက်စနစ်ကိုထိုးဖောက်လာနိုင်ရန် ကြိုးစားသွားကြမည်ဟုသိရပါသည်။

အမျိုးသမီးများသည် အိမ်ရှင်မများဖြစ်သွားကြသည့်အချိန်တွင် အိမ်ထောင်ဦးစီးမှ ဝင်ငွေရှာပြီး တစ်ဖက်တစ်လမ်းပံ့ပိုးသည့်အနေဖြင့် အိမ်တွင်းချက်ပြုတ်၊ ကလေးထိန်း၊ သန့်ရှင်းရေးစသည့် အလုပ်များကို အကုန်ဖြည့်ဆည်းပေးနေရသည်။

ထိုကဲ့သို့ လုပ်ကိုင်ဆောင်ရွက်နေကြရသည့် အိမ်ရှင်မများအတွက် အိမ်တွင်းလုပ်ငန်းများနှင့် တွဲပြီး မိသားစုဝင်ငွေတိုးလုပ်ငန်းများကိုလည်း လုပ်ကိုင်သင့်သည်ဟု သီရိမေအမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေး သမဝါယမအသင်းလီမိတက်မှ သင်တန်းဆရာမ ဒေါ်စိုးသန္တာ က ပြောပါသည်။

“ဘာလို့လဲဆိုတော့ သူတို့ကကလေးရှိတယ် အိမ်အလုပ်တွေရှိတယ်ဒါကိုတွဲပြီးတော့ အိမ်တွင်းလုပ်ငန်းနဲ့ တွဲလုပ်ကြတာတွေများတယ်။ အဲ့ဒီလိုမျိုးလုပ်ခြင်းအားဖြင့် မိသားစုအတွက်ဝင်ငွေတိုးအစီစဉ်လေးတွေ ဒီထက်ပိုပြီးလုပ်နိုင်မယ်ဆိုလို့ရှိရင် သူတို့မိသားစုစီပွားရေးလည်းပိုအဆင်ပြေသွားမယ်။ သူတို့ကိုယ်သူတို့ ပိုယုံကြည်မှုတွေရှိလာမယ်။” ဟု ဒေါ်စိုးသန္တာကပြောပါသည်။

လုပ်ငန်းကိုအကောင်အထည်ဖော်မည်ဆိုလျှင် အရေးကြီးဆုံးမှာ ငွေအရင်းအနှီးဖြစ်သည့်အတွက် လိုအပ်သည့်အကူအညီများကို ဒီးမောဆိုမြို့နယ် သမဝါယမအသင်းမှ တစ်ဖက်တစ်လမ်း ရင်းနှီးမတည်ငွေများကို ကူညီပေးနိုင်သည် ဟုဒီးမောဆိုမြို့နယ် သမဝါယမဦးစီးမှူးအရာရှိဦးနဲဒို ထံမှသိခဲ့ရသည်။

အမျိုးသမီးအဖွဲ့များအနေဖြင့် မိမိတို့ဒေသတွင်း ထုတ်ကုန်များကိုထုတ်လုပ်ရောင်းချပြီး တဖက်တလမ်း မိသားစုဝင်ငွေတိုးအလုပ်များလုပ်လာနိုင်လိမ့်မည်ဟု မျှော်လင့်ထားကြကြောင်း ဒေါ်အန်တောညာက သူမ၏ ဆန္ဒကို အခုလိုထုတ်ဖော်ပြောကြားလိုက်ပါသည်။

“ကျမတို့အိမ်မက်ထားတာကတော့ ကျမတို့ဘယ်လိုခေါ်မလဲ ဒီဟာလုပ်ဖြစ်ပြီဆိုလို့ရှိရင်ဘယ်လိုဘဲဖြစ်ဖြစ်ပေါ့။ ဒီဒီးမောဆိုအနီးအနားမဟုတ်ဘဲ ဒီထက်အဝေးကြီးပေါ့နော ကျမတို့ရဲ့ထုတ်ကုန်တွေကို ဖြန့်ဖျူးနိုင်ဖို့ ဒါလည်းစိတ်ကူးအိမ်မက်ထဲမှာရှိတာပေါ့နော။ လက်တွေ့အကောင်အထည်ဖော်ဖို့တော့ကြိုးစားရမှာပေါ့။” ဟုဒေါ်အန်တောညာကပြောပါသည်။

spot_img
spot_img

Recent posts